နိုင်ငံတော်သမ္မတနှင့် အတိုင်ပင်ခံတို့အားပြန်လွှတ်ပေးရန်အပါအဝင် အချက် ၄ ချက် ထိုင်းအောက်လွှတ်တော် တောင်းဆို
*****
သံလွင်ခက်
ဧပြီ ၁၉၊ ၂၀၂၄။
မြန်မာစစ်တပ်ကဖမ်းဆီးထားသော နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အားပြန်လွှတ်ပေးရန် ထိုင်းနိုင်ငံ ၏အောက်လွှတ်တော်နိုင်ငံခြားရေးကော်မရှင်ဥက္ကဋ္ဌ နော့ပဒွန် ပတ္တမ က ဧပြီလ ၁၈ ရက်တွင် ကြေညာချက်တစ်စောင်ထုတ်ပြန်၍ တောင်းဆိုလိုက်သည်။
မြန်မာနိုင်ငံ၏အခြေအနေက တဖြည်းဖြည်းပြောင်းလဲလာပြီဖြစ်ကြောင်းနှင့် သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့အား အကျဥ်းထောင်ကနေ နေအိမ်အကျယ်ချုပ်အဖြစ်သို့ ပြောင်းရွှေ့လိုက်ခြင်းက ကောင်းမွန်သော အရွေ့တစ်ခုဖြစ်ကြောင်း ကော်မတီကရှုမြင်ထားသည်။ ထို့ကြောင့်လည်း အောက်ဖော်ပြပါတောင်းဆိုချက်များကိုပါ ကော်မတီက ထည့်သွင်းတောင်းဆိုထားသည်။
၁။ အာဆီယံ၏ဘုံသဘောတူညီချက်ထဲအပါအဝင်ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဥ်းသားများအားလုံးကို ပြန်လွှတ်ပေးရန်။
၂။ ပဋိပက္ခဒဏ်ခံစားနေရသည့် မြန်မာပြည်သူများနှင့် အခြားသောလူနည်းစုတိုင်းရင်းသားများအား ထိုင်းနှင့် အာဆီယံက လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကူအညီများ တိုးမြှင့်ပေးအပ်ရန်။
၃။ ထိုင်းအစိုးရ၏ နိုင်ငံခြားသားအလုပ်သမားဆိုင်ရာမူဝါဒများသည် လက်ရှိမြန်မာ့အခြေအနေနှင့် ကိုက်ညီမှုရှိရန်ထိန်းညှိသင့်ပြီး တိုးမြှင့်လာနေသော မြန်မာရွှေ့ပြောင်းအလုပ်သမားသစ်များအတွက် အလုပ်သမားမှတ်ပုံတင်ခြင်း စသည့် အလုပ်သမားများနှင့်ပတ်သက်သောကိစ္စရပ်များအပေါ် ပြန်လည်စဥ်းစားဆောင်ရွက်ရန်။
၄။ မြန်မာနိုင်ငံတွင်း ရေရှည်ငြိမ်းချမ်းမှု၊ စည်းလုံးညီညွတ်မှုနှင့် နိုင်ငံရေးတည် ငြိမ်ရန်တို့အတွက် ထိုင်းနိုင်ငံက အာဆီယံအပါအဝင် တရုတ်၊ အိန္ဒိယစသည့်နိုင်ငံများနှင့်ပူးပေါင်းပြီး ဦးစီးဦးဆောင်ပြုဆောင်ရွက်ရန် စသည့်အချက်များပါဝင်သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့အား အကျဥ်းထောင်ကနေ နေအိမ်အကျယ်ချုပ်ပြောင်းရွှေ့ခဲ့သည့်အပေါ် ကြိုဆိုကြောင်း ထိုင်းဝန်ကြီးချုပ် ဆရက်ထာ ထာဝီဆင် က ၎င်း၏ X (ယခင် တွစ်တာ) အကောင့်တွင် ဧပြီ ၁၇ ရက်က မှတ်ချက်ပြုပြောဆိုထားသည်။
Ref: Khaosod English