ရေးမြို့နယ်ရှိကျေးရွာများအား စစ်ကောင်စီလက်နက်ကြီးဖြင့်ပစ်ခတ်
*****
သဇင်
ဧပြီ ၁၉၊ ၂၀၂၄။
မွန်ပြည်နယ် ၊ ရေးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရေးမြို့အခြေစိုက် အာယုတောင် စစ်ကောင်စီတပ်စခန်း က ရေးမြောက်ပိုင်းကျေးရွာများကို လက်နက်ကြီးဖြင့်ပစ်ခတ်နေသည်ဟု ဒေသခံများထံက သိရသည်။
ယနေ့ ဧပြီလ ၁၉ ရက် မနက်ပိုင်းတွင် အာယုတောင်စစ်ကောင်စီစခန်းက ရေးတောင်စွန်းရှိ ရွာသစ်၊ ရွာလေး၊ ကျောက်မိချောင်း စသည့်ကျေးရွာများအား လက်နက်ကြီး ၁၀ ကြိမ်ထက်မနည်းပစ်ခတ်ခဲ့သည် ဟု အာယုတောင် စခန်းအနီးနေထိုင်သူ ၁ ဦးက သံလွင်ခက်ကိုပြောသည်။
၎င်းက“အာယုတောင်တပ်စခန်းကနေပစ်နေတာ၊ နှစ်ဖက်တိုက်ပွဲမဟုတ်ဘူး။ စစ်တပ်ဘက်ကပဲပစ်တာ။ ၁၀ ချက် ၁၅ ချက်ဝန်းကျင်လောက်ရှိတယ်။ လက်နက်ကြီးသံက ခုနကထိ ခပ်ကျဲကျဲကြားနေရတုန်းပဲ” ဟုဆိုသည်။
လက်နက်ကြီးပစ်ခတ်မှုကြောင့် အာယုတောင်အနီးရှိကျေးရွာများတွင် မွန်စာပေသင်ကြားပေးနေသော ကျောင်း များအားပိတ်ထားရသည်ဟု ရေးမြို့နယ်ဒေသခံအမျိုးသမီး ၁ ဦးက ပြောသည်။
“အာယုတောင်ရွာမှာ အဲ့လိုပစ်ခတ်တာကြောင့် မိဘပြည်သူတွေလန့်နေကြတယ်။ ခုနေ့မနက်အခြေအနေကြောင့် ကလေးတွေ နွေရာသီမွန်စာသင်ကျောင်းတွေပိတ်ထားရတယ်” ဟုဆိုသည်။
လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေများကို သံလွင်ခက်က ဆက်လက် အတည်ပြုနေဆဲဖြစ်သည်။
ပြီးခဲ့သည့် ဧပြီ ၁၂ ရက် မနက် ၈ နာရီခန့်ကလည်း ရေးမြို့နယ် ကိုးမိုင်ကျေးရွာအခြေစိုက် ခလရ ၂၉၉ တပ်ရင်းနှင့် မလွှဲတောင်စစ်ဆေးရေးဂိတ်အား တော်လှန်ရေးပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆ ဦးသေဆုံးပြီး ၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သလို ကာကွယ်ရေးတပ်ဖွဲ့ဘက်က စနိုက်ပါ တာဝန်ခံ ၁ ဦး ကျဆုံးခဲ့ကာ ရဲဘော် ၂ ဦးဒဏ်ရာရရှိခဲ့သည်။
ဓာတ်ပုံ -YGF
ပုံစာ – ရေး – ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးတွင် စစ်ဆေးမှုများဆောင်ရွက်နေသည့် ရေး အခြေစိုက် ကာကွယ်ရေးပူးပေါင်းအဖွဲ့များ။