မင်္ဂလာဒုံရှိ လေတပ်အရာရှိအဆောင်အပါအဝင် ရုံးဌာနများ တိုက်ခိုက်ခံရ
*****
ယမင်းဖူးပွင့်အောင်
ဧပြီ ၁၉၊ ၂၀၂၄။
ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်ရှိ စစ်ကောင်စီရုံးဌာနများကို ယမန်နေ့ညတွင် မြို့ပြပြောက်ကျားအဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုများရှိခဲ့သည်ဟု မြေပြင်သတင်းရင်းမြစ်များထံက သိရသည်။
မင်္ဂလာဒုံလေတပ်အရာရှိလူပျိုဆောင်အပါအဝင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးရုံးကို ယမန်နေ့ည ၇ နာရီ ၅၀ မိနစ်ခန့်တွင် Dark Shadow မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့သည်ဟု Dark Shadow တာဝန်ခံ ရဲဘော်အရိပ် (ပန်ဒါလေး) က သံလွင်ခက်ကိုပြောသည်။
၎င်းက “လေတပ်မိသားစုနဲ့ စစ်တန်းလျားတွေကို ဘာလို့ခုလိုအဓိကလုပ်ဆောင်နေရလဲဆိုရင် ပြည်သူလူထုနဲ့ ရှေ့တန်းရဲဘော်တွေကို နေ့စဥ်ရက်ဆက်ဗုံးကြဲနေတဲ့စစ်ကောင်စီ၊ ဒီကောင်တွေရဲ့မိသားစုနဲ့ အစွယ်အပွားတွေကို အကြောက်တရားနဲ့ပဲ အဆုံးသတ်စေဖို့အတွက် အရိပ်ရဲဘော်တွေက ထိရောက်စွာတော်လှန်ခြင်းဖြစ်ပါတယ်” ဟုဆိုသည်။
စစ်ကောင်စီ၏ဖိနှိပ်မှု၊ အုပ်ချုပ်မှုကို မလွှဲမရှောင်နိုင် အံကြိတ်ရှင်သန်နေရသည့် မြို့ပြပြည်သူများအတွက် Dark Shadow အဖွဲ့က “မြို့ပြလွတ်လပ်ရေး” စစ်ဆင်ရေးအား ဧပြီ ၁၀ ရက်တွင် စတင်ခဲ့သည်။
မြို့ပြပြောက်ကျားအဖွဲ့များ၏လုပ်ဆောင်မှုများ ပိုမိုအားကောင်းလာရခြင်းသည် တော်လှန်ပြည်သူများ၏ ဆုတောင်းမေတ္တာများကြောင့်ဖြစ်သည်ဟုလည်း Dark Shadow တာဝန်ခံက ဆက်ပြောသည်။
“ကျွန်တော်တို့ရဲ့မြို့ပြလုပ်ဆောင်မှုတွေ ဒီထက်ပိုအားကောင်းလာရခြင်းမှာလည်း ပြည်သူထူထုရဲ့တော်လှန် ထောက်ပံမှု၊ ပြည်သူလူထုရဲ့ ဆုတောင်းမေတ္တာတွေကြောင့် ဘေးကင်းကင်းနဲ့ထိရောက်စွာ ပွဲတွေ က,လာနိုင် တာဖြစ်ပါတယ်” ဟုဆိုသည်။
ပြီးခဲ့သည့် ဧပြီလ ၁၀ ရက်ကလည်း “Urban Freedom” – မြို့ပြလွတ်လပ်ရေးစစ်ဆင်ရေးစတင်သည့်အနေဖြင့် Dark Shadow အဖွဲ့က မင်္ဂလာဒုံမြို့မရဲစခန်းကို သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ပုံစာ – မင်္ဂလာဒုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ရပ်/ကျေးပါတီဝင်များ အစည်းအဝေးပြုလုပ်စဉ် – ပုံဟောင်း။