ချင်းကာကွယ်ရေးတပ်များထံ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အလင်းဝင်လာ
*******
ထွယ်
ဧပြီ ၁၈၊ ၂၀၂၄။
ချင်းပြည်နယ်၏ တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် Chinland Defense Forece, Kalay – Kabaw – Gangaw (CDF – KKG) ထံသို့ ယခုနှစ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်ရဲများ လက်နက်ချအလင်းဝင်၊ CDM ပြုလုပ်လာသူ စုစုပေါင်း ၅ ဦးရှိပြီး ပျူစောထီး ၁ ဦးလည်း လက်နက်ချ အလင်းဝင်လာခဲ့သည်ဟု CDF – KKG ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံထံက သိရသည်။
ယခုနှစ် ဧပြီလ ၁၅ ရက်တွင်လည်း စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်က လုပ်သက် ၁၈ နှစ်ရှိသည့် အသက် ၃၈ နှစ်အရွယ် ဒု-ရဲအုပ် ၁ ဦး ၎င်း၏လက်နက်များနှင့်အတူ CDF – KKG ထံသို့ လာရောက်အလင်းဝင်ခဲ့သည်ဟု CDF – KKG ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက သံလွင်ခက်ကို ပြောသည်။
၎င်းက “အများစုက ကလေးဝမြို့နယ်၊ ကလေးမြို့နယ်တွေထဲက ပါတယ်။ ဟားခါးကလည်း ပါတယ်။ ရောက် လာရင် သူတို့ပြောတဲ့နေရာ (လွတ်မြောက်နယ်မြေ) ပေါ့ အဲလိုနယ်မြေကို ပို့ပေးတယ်” ဟုပြောသည်။
လက်နက်နှင့်လာရောက်ပူးပေါင်းသူများကို ၁ ဦးလျှင် ကျပ်သိန်း ၅၀ ပေးပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးလျက်ရှိသည်ဟု ၎င်းက ဆက်ပြောသည်။
ချင်းပြည်နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များထံသို့ လက်နက်ချအလင်းဝင်လျက်ရှိနေပြီး ယမန်နေ့ ဧပြီလ ၁၇ ရက်တွင်လည်း ဟားခါးမြို့ ရုန်းတောင်တပ်စခန်းက စစ်ကောင်စီတပ်သား ၃ ဦး လက်နက်နှင့်အတူ CDF-Hakha တပ်ဖွဲ့ထံ အလင်းဝင်ခဲ့ကြသည်။