မာန်အောင်တွင် တပ်စွဲရန် စစ်ကောင်စီပြင်ဆင်
***
ခင်သရဖီဦး
ဧပြီ ၁၈၊ ၂၀၂၄။
ရခိုင်ပြည်နယ်တောင်ပိုင်း မာန်အောင်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်များတွင် နေရာယူ တပ်စွဲရန် ပြင်ဆင်နေသည်ဟု ဒေသခံများထံက သိရသည်။
ယနေ့နံနက်ပိုင်းတွင် မာန်အောင်ရှိ အနောက်ပါးရပ်ကွက်နှင့် ငှက်ပျောတောရပ်ကွက်ကဒေသခံများအား စစ် ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သည့်အဖွဲ့က ဒေသခံများအား အတင်းပြောင်းရွှေ့ ခိုင်းထားသည်ဟု မာန်အောင်ဒေသခံ အမျိုးသမီး ၁ ဦးကဆိုသည်။
၎င်းက “ဒီနေ့ နေ့လယ် ၂ နာရီကနေ ၂၅ ရက်ထိနောက်ဆုံးထားပြီး ပြောင်းခိုင်းတာ။ ပြောင်းကို ပြောင်းရမယ်လို့ ပြောထားတယ်။ သူတို့က တပ်ချဖို့အတွက် သိမ်းလိုက်တာ” ဟုဆိုသည်။
ပြောင်းရွှေ့ရာတွင်လည်း စစ်ကောင်စီကသတ်မှတ်ထားသည့်နေရာကိုသာ ပြောင်းပေးရမည်ဟု သိရသည်။
မာန်အောင် ဒေသခံအမျိုးသမီး ၁ ဦးက “အနောက်ပါးရပ်ကွက်ကလူတွေက ဖက်ယားကျေးရွာကို ပြောင်းပေးရ မယ်။ ငှက်ပျောတောရပ်ကွက်ကလူတွေက ပန်းခြံကျေးရွာကို ပြောင်းရမယ်ဆိုပြီး ပြောတယ်။ သူတို့ပြောင်းခိုင်း တဲ့နေရာမဟုတ်ဘဲ တခြားနေရာကိုပြောင်းရင် ဖမ်းဝရမ်းထုတ်မယ်လို့လည်း ပြောထားတယ်” ဟုဆိုသည်။
လက်ရှိတွင် ဒေသခံများသည် ပြောင်းရွှေ့ရန်အတွက်ပြင်ဆင်နေကြပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက စောင့်ကြည့် နေသည်ဟု မာန်အောင်ဒေသခံ ၁ ဦးက ဆိုသည်။
၎င်းက ” လူတွေက အဲဘက်မှာမနေချင်တဲ့ လူတွေလည်းပါတယ်။ ကိုယ့်နည်းကိုယ့်ဟန်နဲ့သွားဖို့ လုပ်နေကြတာ လည်း ရှိတယ်။ စကစ က လူတွေ ချထားတာ။ အခုက စောင့်ကြည့်နေပါတယ်” ဟု ဆိုသည်။
ငှက်ပျောတောရပ်ကွက်နှင့် အနောက်ပါးရပ်ကွက်တွင် အိမ်ခြေ ၄၀၀ ခန့်နှင့် လူဦးရေ ၂,၀၀၀ ခန့် နေထိုင်လျက် ရှိသည်။
ယင်းရပ်ကွက် ၂ ခုသည် မာန်အောင်ရေတပ်အနီးတည်ရှိပြီး မာန်အောင်ရေတပ်သည် ကျောက်ဖြူနှင့် အနီးဆုံးတွင် ရှိနေသည်။
မာန်အောင်တွင် စစ်ကောင်စီက စစ်မှုထမ်းဥပဒေအကောင်အထည်ဖော်နေသည့်အတွက် ဒေသခံတချို့ တိမ်း ရှောင်နေကြရသည်။
AA အနေဖြင့် ရခိုင်တွင်ကျန်ရှိနေသည့် မြို့နယ်များအား သိမ်းပိုက်နိုင်ရေး ဆက်လက်ကြိုးပမ်းသွားမည်ဖြစ် သည်ဟု ပြောဆိုထားသည်။