သေ့ဘောဘိုးစစ်ရှောင်များအပြင် ဒေသခံများ မြစ်ဘေးသို့ ပြောင်းရွှေ့နေရ
*****
နန်းဆုပန်ခန့်
ဧပြီ ၁၈၊ ၂၀၂၄။
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဝေါလေဒေသ သေ့ဘောဘိုးကျေးရွာရှိ စစ်ရှောင်များနှင့် ဒေသခံများသည် တိုက်ပွဲဖြစ်ပွားမည်ကိုစိုးရိမ်သည့်အတွက် သောင်ရင်းမြစ်ဘေးသို့ ရွှေ့ပြောင်းနေထိုင်နေရသည်ဟု ဒေသခံများထံ က သိရသည်။
လက်ရှိအချိန်တွင် တော်လှန်ရေးပူးပေါင်းတပ်များက သေ့ဘောဘိုးရွာထိပ်နှင့် အနီးတဝိုက်ရှိ စစ်ကောင်စီစခန်း များအား ဒရုန်း၊ စနိုက်ပါများဖြင့် သွားရောက်ပစ်ခတ်မှုများရှိလာသည့်အတွက် တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်ရ သည်ဟု သေ့ဘောဘိုး ဥက္ကဋ္ဌ က သံလွင်ခက်ကိုပြောသည်။
၎င်းက “ တိုက်ပွဲကတော့ ဖြစ်ဖို့တော့များတယ်။ သူတို့ကို (ရွာသားများနှင့် စစ်ရှောင်များ) ချောင်းဘေးနားမှာ သွားရှောင်ထားခိုင်းတယ်။ တိုက်ပွဲကတော့ အချိန်မရွေးဖြစ်နိုင်တယ်၊ ခု ၁ ရက် ၂ ရက်အတွင်းမှာ သူတို့က ဒရုန်း တွေနဲ့ စနိုက်ပါတွေနဲ့လည်း ပစ်တယ်ဆိုတော့၊ လောလောဆယ်စခန်းသိမ်းဖို့ကတော့ မစသေးဘူးပေါ့နော်။ တိုက်ပွဲဖြစ်ရင်တော့ လက်နက်ကြီးတွေကြောက်ရတယ်၊ လေယာဉ်တွေတော့ ကြောက်ရတာပေါ့” ဟု ဆိုသည်။
လက်ရှိအချိန်တွင် စစ်ရှောင်များသည် သောင်ရင်းမြစ်ဘေးတွင် တာလပတ်များဖြင့် ယာယီတဲများဖြင့် နေထိုင် နေကြရသည်။
သေ့ဘောဘိုးစစ်ရှောင်များအတွက် လက်ရှိအချိန်ထိ အလှူရှင်မရှိသေးသလို အမိုးအကာနှင့် စားနပ်ရိက္ခာများ လည်းလိုအပ်လျက်ရှိသည်ဟု စစ်ရှောင်တာဝန်ရှိသူက ဆိုသည်။
၎င်းက “အခက်အခဲတွေကတော့ မျိုးစုံပါပဲ။ အခုက နေဖို့ ထိုင်ဖို့ အမိုးအကာတွေပေါ့နော်။ အမိုးအကာတွေလည်း လိုတယ်။ အစားအသောက်တွေလည်းလိုတယ်။ အများကြီးပဲ။ အခုလောလောဆယ် ကူညီတဲ့လူတွေကတော့ ဘယ်သူမှလည်းမလာဘူး။ သူတို့ကိုယ်တိုင်ကလည်း ရုန်းနေရတာဆိုတော့” ဟုဆိုသည်။
စစ်ရှောင်များသည် မြစ်ဘေးတွင်နေထိုင်နေကြရပြီး မေလတွင် မိုးရာသီရောက်တော့မည်ဖြစ်သောကြောင့် အကူ အညီများစွာ လိုအပ်လျက်ရှိသည်။
ပြီးခဲ့သည့် ဧပြီလ ၉ ရက်တွင်လည်း သေ့ဘောဘိုးရွာထိပ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် – KNLA ပူးပေါင်းတပ်တို့ကြား ထိတွေ့မှုဖြစ်ပွားခဲ့ကာ တောင်ယာသွားသည့် ပြည်သူ ၁ ဦး သေဆုံးခဲ့ရသည်။
သေ့ဘောဘိုးကျေးရွာတွင် အတွင်းမဲကနယ်ကျေးရွာနှင့် လေးကေ့ကော်ဒေသအနီးရှိ ရသေ့ဂူကျေးရွာက တိမ်းရှောင်လာသည့် အိမ်ထောင်စု ၇၄ စု၊ လူဦးရေ ၂၃၉ ဦး နေထိုင်လျက်ရှိသည်။
လက်ရှိမှာတော့ တိုက်ပွဲဖြစ်ပွားမည်ကိုစိုးရိမ်သည့်အတွက် သေ့ဘောဘိုးကျေးရွာ၌ နေထိုင်သည့် စစ်ရှောင်များ အပြင် ဒေသခံများပါ သောင်ရင်းမြစ်ဘေးသို့ တိမ်းရှောင်နေရခြင်းဖြစ်သည်။
တိုက်ပွဲများဖြစ်ပွားလာပါက လက်နက်ကြီးနှင့် လေယာဉ်ရန်ကို စိုးရိမ်နေရသည်ဟု သေ့ဘောဘိုးဒေသခံ ၁ ဦးက ဆိုသည်။
၎င်းက “ပြောရမယ်ဆို လက်နက်ကြီးကိုပဲ ကြောက်ရမှာပေါ့၊ လေယာဉ်နဲ့။ အခုက ကျွန်တော်တို့ရွာထဲမှာ လည်းပြောလို့ရသလို နည်းနည်းရွာဘေးကပ်မှာရှိတဲ့ စေတီမှာ သူတို့စခန်းတစ်ခုရှိတယ်။ ရွာအောက်ဘက်မှာ လည်း သူတို့စခန်းတစ်ခုရှိတယ်။ သူတို့လက်နက်ကြီးပစ်ရင် လက်နက်ကြီးမီးတောက်တွေတောင်မြင်ရတယ်” ဟုဆိုသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇွန်လ ၂၆ ရက်တွင်လည်း ပူးပေါင်းတပ်ဘက်က ဝေါလေဒေသရှိ ဥကရိထစခန်းသိမ်း တိုက်ပွဲဆင်နွှဲခဲ့သော်လည်း စစ်ကောင်စီဘက်က အင်အားအလုံးအရင်းဖြင့် ပြန်လည်ထိုးစစ်ဆင်ခဲ့သည့်အတွက် ပြန်လည်ဆုတ်ခွာခဲ့ရသည်။
လက်ရှိအချိန်တွင်လည်း ဝေါလေဒေသရှိ သေ့ဘောဘိုးစခန်းအပြင် ဥကရိထစခန်း၊ ထီးကပလယ်စခန်းများကို ပူးပေါင်းတပ်များက ဆက်လက်တိုက်ခိုက်လျက်ရှိသည်။
ဓာတ်ပုံ – ပေးပို့
ပုံစာ – သောင်ရင်းမြစ်ဘေးပြောင်းရွှေ့နေထိုင်နေရသည့် သေ့ဘောဘိုးကျေးရွာကစစ်ရှောင်နှင့် ဒေသခံများ။