သံကလောင်ဆရာတော်ပစ်သတ်ခံရမှု MSFC ရှုတ်ချ
****
သဇင်
ဧပြီ ၁၈၊၂၀၂၄။
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ သံကလောင်ရွာကျောင်းထိုင်ဆရာတော်အား စစ်ကောင်စီတပ်က ရည်ရွယ် ချက်ရှိရှိပစ်သတ်ခဲ့မှုအပေါ် မွန်ပြည်ဖက်ဒရယ်ကောင်စီ – MSFC က အပြင်းအထန်ရှုတ်ချသည်ဟု ယမန်နေ့ ဧပြီလ ၁၇ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ပြီးခဲ့သည့် ဧပြီလ ၁၄ ရက် နေ့လယ်တွင် ဆွမ်းစားကြွပြီး ဘုန်းကြီးကျောင်းသို့ကားဖြင့် ပြန်လာချိန် တရနာရွာ အဝင်၌တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆရာတော် ဦးဝါယမ အား သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ် သည်။
သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ဆရာတော် ဦးဝါယမ သည် ရင်ဘတ်တွင်ကျည်ဆန် ၂ ချက်ထိမှန်ကာ ပျံလွန် တော်မူခဲ့ခြင်းဖြစ်ပြီး ပျံလွန်တော်မူချိန် ၌သက်တော် ၅၅ နှစ်၊ ဝါတော် ၃၅ နှစ် ရှိပြီဖြစ်သည်။
ထိုသို့သတ်ဖြတ်ခြင်းသည် စစ်မက်ဖြစ်ပွားသဖြင့် တိမ်းရှောင်ထွက်ပြေးကြရသည့် မွန်ပြည်သူအား မွန်ရဟန်း သံဃာတော်များက ကူညီစောင့်ရှောက်နေခြင်းအပေါ် ခြိမ်းခြောက်ခြင်းဖြစ်သလို ဗုဒ္ဓဘာသာ၊ မွန်လူမျိုးတို့အား ကြောက်လန့်သွားအောင် ခြိမ်းခြောက်သည့်လုပ်ရပ်ဖြစ်ပြီး အပြစ်မဲ့ရဟန်းသံဃာများနှင့် ပြည်သူအားရန်ရှာသည့် လုပ်ရပ်ဖြစ်သည့်အတွက် အပြင်းအထန်ရှုတ်ချသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကောင်စီတပ်သည် စစ်ဘေးတိမ်းရှောင်နေရသည့်ပြည်သူအား ကူညီနေခြင်းအပေါ် ပိတ်ပင်လိုခြင်းဖြစ်ပြီး ဧပြီလ ၁၀ ရက်ကလည်း စစ်ဘေးဒုက္ခသည်များအားထောက်ပံ့ပြီးပြန်လာသည့် မွန်ပြည်နယ်လွှတ်တော် ဒု ဥက္ကဋ္ဌ ဟောင်း ဒေါက်တာအောင်နိုင်ဦး ကို ဖမ်းဆီးခဲ့သည်။
ထိုသို့ဖမ်းဆီးပြီးနောက် လိုအပ်သည်များစစ်ဆေးကာ ဒေါက်တာအောင်နိုင်ဦး အား ဧပြီလ ၁၅ ရက်တွင် ပြန်လည်လွှတ်ပေးခဲ့သည်ဟု သိရှိရသည်။
မတ်လ ၂၇ ရက်တွင် ကျိုက်မရောမြို့နယ်ရှိ မွန်ရွာကြီးတရွာဖြစ်သည့် ဓမ္မသကျေးရွာအား စစ်ကောင်စီက တိုက် ခိုက်မီးရှို့ပြီးနောက် ကျေးရွာ ၁၀ ရွာဝန်းကျင်အား လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်း၊ လေကြောင်းဖြင့် တိုက်ခိုက် ခြင်းတို့ကြောင့် မွန်ပြည်သူ ၁၀,၀၀၀ ကျော် အိုးအိမ်မဲ့ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်သည်ဟု MSFC က ထုတ်ပြန်သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မွန်ပြည်နယ်တွင်သာမက အခြားဒေသများတွင်လည်း ဘာသာရေးခေါင်းဆောင် များအား သတ်ဖြတ်ခြင်း၊ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း အပါအဝင် ဘာသာရေးအဆောက်အအုံတို့အား တိုက် ခိုက်နေခြင်းသည် နိုင်ငံတကာဥပဒေအား ပြောင်ပြောင်တင်းတင်းချိုးဖောက်နေခြင်းဖြစ်သောကြောင့် စစ်ကောင်စီ အား နိုင်ငံတကာအသိုင်းအဝိုင်းကအရေးယူပေးရန် မွန်ပြည်ဖက်ဒရယ်ကောင်စီက တိုက်တွန်းထားသည်။
ပုံစာ – သံကလောင်ကျေးရွာ ဘုန်ကြီးကျောင်း ကျောင်းထိုင်ဆရာတော်ဦးဝါယမ။