မြန်မာ့နှစ်သစ်ကူးနေ့တွင် စစ်ကောင်စီစခန်းကို KIA ဆက်လက်သိမ်းပိုက်
***
ထွယ်
ဧပြီ ၁၈၊ ၂၀၂၄။
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ နွယ်ဂျဲတောင်နှင့် ဝလူတောင်တွင်တပ်စွဲထားသည့် စစ်ကောင်စီ၏ခြေလျင်တပ် ရင်း ခလရ ၂၉၇ ကို ကချင်လွတ်လပ်ရေးတပ်မတော် – KIA နှင့် ပူးပေါင်းတပ်က ယမန်နေ့ ဧပြီလ ၁၇ ရက်တွင် အပြီးတိုင်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု ရှေ့တန်းကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
ကချင်လွတ်လပ်ရေးတပ်မတော် – KIA နှင့် ပူးပေါင်းတပ်သည် စစ်ကောင်စီ၏အဆိုပါတပ်စခန်းကို ဧပြီလ ၁၆ ရက် ကတည်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မြန်မာနှစ်ဆန်း ၁ ရက်နေ့ဖြစ်သော ယမန်နေ့ ဧပြီလ ၁၇ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် အပြီးတိုင်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါစခန်းကို တိုက်ခိုက်သိမ်းပိုက်ရပြီးချိန်တွင် တပ်စခန်းနှင့်အတူ လက်နက်ခဲယမ်းနှင့် စစ်သုံးပစ္စည်းအများ အပြားကိုလည်း သိမ်းပိုက်ရမိခဲ့သည်ဟု သိရသည်။
ထို့အတူ ကချင်ပြည်နယ်၊ တနိုင်းမြို့အနောက်ဘက် ရွှေမှော်အနီး တပ်စွဲထားသည့် နမ်ဂေါန်ရွာအနီးရှိ စစ်ကောင်စီ တပ်စခန်းကို KIA နှင့် ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ကာ မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်။
ကချင်ပြည်နယ်တွင် KIA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့အကြား နေ့စဉ်တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး ဧပြီလ ၁၆ ရက်ကလည်း မိုးညှင်းခရိုင်၊ ကားမိုင်းမြို့၊ လွယ်ဆိုင်ကျေးရွာရှိ တာဝါကုန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ တပ်စခန်းကို KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
KIA ပူးပေါင်းတပ်သည် ကချင်ပြည်နယ်တွင်ရှိနေသည့် စစ်ကောင်စီတပ်စခန်းများကို ယခုနှစ် မတ်လ ၇ ရက် ကတည်းက တပြိုင်နက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ၁ လကျော်အတွင်း စစ်ကောင်စီ၏ တပ်စခန်း ၇၀ ခန့် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်သည်။
ပုံစာ – တနိုင်းမြို့နယ် နွယ်ဂျဲတောင်နှင့် ဝလူတောင်တွင် တပ်စွဲထားသည့် ခလရ – ၂၉၇။