ဒေါက်တာခလမ်ဆမ်ဆွန် ပြန်လည်ဖမ်းဆီးခံရ
****
ထွယ်
ဧပြီ ၁၈၊ ၂၀၂၄။
လွတ်ငြိမ်းချမ်းသာဖြင့် ယမန်နေ့ကလွတ်မြောက်လာသည့် ကချင်ဘာသာရေးဆရာ သိက္ခာတော်ရ ဒေါက်တာ ခလမ်ဆမ်ဆွန်ကို ယမန်နေ့ည၌ပင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြန်လည်ဖမ်းဆီးသွားသည်ဟု မိသားစုဝင်နှင့် နီးစပ်သူထံက သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ လာရောက်ဖမ်းဆီးချိန်တွင် သိက္ခာတော်ရ ဒေါက်တာခလမ်ဆမ်ဆွန်နှင့်အတူ ဆရာ တော်၏ဇနီးဖြစ်သူနှင့် ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ – PCG က တာဝန်ရှိသူလည်း အတူ လိုက်ပါ သွားသည်ဟုသိရသည်။
၎င်းတို့အား မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကိုပြောဆိုရန် လုံခြုံရေးအရခက်ခဲနေပြီး ညှိနှိုင်းဆွေးနွေးနေဆဲ ဖြစ်သည်ဟုလည်း အခြားသတင်းရင်းမြစ် ၁ ဦးက ပြောသည်။
သိက္ခာတော်ရ ဒေါက်တာ ခလမ်ဆမ်ဆွန်သည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၅ ရက်က မန္တလေး တံတားဦးလေဆိပ်တွင် ဖမ်းဆီးခံခဲ့ရသည်။
ထို့နောက် ပုဒ်မ ၃ ခုဖြင့် စစ်ကောင်စီက ၎င်းအား ထောင်ဒဏ် ၆ နှစ် ချမှတ်ခဲ့ပြီး ၁ နှစ်ခွဲခန့်အကြာ ယမန်နေ့တွင် လွတ်ငြိမ်းဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သည်။
ကချင်ဘာသာရေးခေါင်းဆောင် ဒေါက်တာခလမ်ဆမ်ဆွန်သည် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် – KBC ၏ ဥက္ကဋ္ဌဟောင်း ၁ ဦးဖြစ်သလို ကချင်အတိုင်ပင်ခံအဖွဲ့၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။