တရုတ်က ၁ လအတွင်း မြန်မာနယ်စပ်အနီး၌ ဒုတိယအကြိမ်စစ်ရေးလေ့ကျင့်
*******
သံလွင်ခက်
ဧပြီ ၁၈၊ ၂၀၂၄။
တရုတ်နိုင်ငံက မြန်မာနယ်စပ်အနီးတွင် လေကြောင်းရန်ကာကွယ်ရေးနှင့် လက်နက်ကြီးတိုက်ရိုက်ပစ်ခတ်လေ့ ကျင့်မှုများ ယမန်နေ့ဗုဒ္ဓဟူးကစ၍ စတင်လေ့ကျင့်နေပြီဖြစ်သည်ဟု တရုတ်ပြည်တွင်းသတင်းဌာနများ၏ ဖော်ပြချက်များအရ သိရသည်။
အဆိုပါစစ်ရေးလေ့ကျင့်မှုက ယခုဧပြီလအတွင်း တရုတ်နိုင်ငံ၏ ဒုတိယအကြိမ်မြောက် စစ်ရေးလေ့ကျင့်ခြင်းဖြစ်ပြီး မြန်မာစစ်ကောင်စီနှင့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များ စစ်ရေးပြင်းထန်နေချိန်တွင် ထပ်မံလေ့ကျင့်နေခြင်းလည်းဖြစ်သည်။
တော်လှန်ရေးတပ်ဖွဲ့များက မြဝတီမြို့တွင်နောက်ဆုံးကျန်ရှိသည့် စစ်ကောင်စီခံတပ်စခန်းကို ပြီးခဲ့သောသီတင်းပတ်ကသိမ်းပိုက်နိုင်ခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများ ထပ်မံမြှင့်တက်လာခဲ့သည်။ မြဝတီမြို့သည် ထိုင်းနိုင်ငံနှင့် ကုန်သွယ်ရေးနယ်စပ်မြို့တစ်မြို့ဖြစ်ပြီး တိုက်ပွဲများဖြစ်ပွားပြီးနောက်မှာတော့ ဒုက္ခသည်အများအပြား ထိုင်းနိုင်ငံတွင်းဝင်ရောက်လာခဲ့ကြသည်။
တရုတ်နိုင်ငံပိုင်ရုပ်သံဖြစ်သည့် CCTV က တရုတ်စစ်တပ်အနေဖြင့် စစ်ရေးလေ့ကျင့်သွားမည်ဟု ကြေညာခဲ့သော်လည်း အိမ်နီးချင်းမြန်မာနိုင်ငံတွင်ဖြစ် ပွားနေသော တိုက်ပွဲများကိုတော့ ရည်ညွှန်းပြောဆိုသွားခြင်းမရှိခဲ့ပေ။
တရုတ်နိုင်ငံ၏တပ်ဖွဲ့များသည် အရေးပေါ်အခြေအနေများကို ပြန်လည်တုံ့ပြန်ရန် အမြဲအဆင်သင့်ရှိနေသည့်အပြင် နိုင်ငံ့အချုပ်အခြာ၊ နယ်စပ်လုံခြုံရေးနှင့် တရုတ်ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကိုကာကွယ်ရန် အမြဲအဆင် သင့်ရှိနေသည်ဟု CCTV တွင် ဖော်ပြထားသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ရွေးကောက်ခံအရပ်သားအစိုးရထံကအာဏာကို မြန်မာစစ်တပ်ကသိမ်းယူပြီး နောက်ပိုင်း ပြီးခဲ့သည့်အောက်တိုဘာ လကစ၍ မြန်မာစစ်ကောင်စီသည် ဘင်္ဂလားဒေ့ရှ်၊ တရုတ်နှင့် အိန္ဒိယနယ်စပ် ဒေသရှိနယ်မြေအများအပြားဆုံးရှုံးခဲ့သည်။
ထို့ကြောင့်လည်း တရုတ်နိုင်ငံအနေဖြင့် နယ်စပ်ကုန်သွယ်ရေးအခက်အခဲများနှင့် မြန်မာဒုက္ခသည်များဝင်ရောက်လာမည်ကို များစွာစိုးရိမ်ပူပန်နေရသည်။
သိန်းချီသောမြန်မာဒုက္ခသည်များ တရုတ်နိုင်ငံတွင်းဝင်ရောက်လာခဲ့သဖြင့် မြန်မာစစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များကြားဖြစ်ပွားနေသောပဋိပက္ခများတွင် တရုတ်အစိုးရက ကြားဝင်ဖျန်ဖြေသူအဖြစ်ပါဝင်လာခဲ့သည်။
မြန်မာနိုင်ငံ၏ အခြားသောနယ်စပ်ဒေသများတွင် ပဋိပက္ခများပြင်းထန်နေသော်လည်း ပြီးခဲ့သောဇန်နဝါရီလတွင် တရုတ်၏ကြားဝင်စေ့စပ်ညှိနှိုင်းပေးမှုဖြင့် မြန်မာစစ်ကောင်စီနှင့် မြောက်ပိုင်းညီနောင်မဟာမိတ်တပ်ဖွဲ့များကြား အပစ်အခတ်ရပ်စဲခဲ့သဖြင့် တရုတ်နှင့်ထိစပ်နေသော မြန်မာနိုင်ငံမြောက်ပိုင်းဒေသများသည် အတန်အသင့်ငြိမ်းချမ်းနေခဲ့သည်။
ပြီးခဲ့သောဇန်နဝါရီတွင် မြန်မာနိုင်ငံကဖြတ်ကျော်လာသောအမြောက်ကျည်ဆန်များ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် တွင်း ကျရောက်ပေါက်ကွဲခဲ့သဖြင့် တရုတ်နိုင်ငံသား ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် စစ်ကောင်စီနှင့် မြောက်ပိုင်း ညီနောင်မဟာမိတ်များကြား အပစ်အခတ်ချက်ချင်းရပ်စဲရန် တရုတ်အစိုးရကတောင်းဆိုခဲ့သည်။
ပြီးခဲ့သော ဧပြီ ၂ – ၃ ရက်တွင်ပြုလုပ်ခဲ့သည့် တရုတ်စစ်တပ်၏စစ်ရေးလေ့ကျင့်မှုများကို တရုတ် – မြန်မာနယ်စပ် ယူနန်ပြည်နယ်ရှိ Dehong Dai နှင့် Jingpo စီရင်စုများတွင် ပြုလုပ်ခဲ့သည်။
အဆိုပါစစ်ရေးလေ့ကျင့်နေချိန်အတွင်း နယ်စပ်ဒေသများဖြစ်ကြသည့် ယင်းကျန်း နှင့် လောင့်ချွမ်းနယ်မြေ အတွင်း ရှိ သတ်မှတ်နယ်မြေ ၅ နေရာကို လူအများသွားလာရန်ခွင့်မပြုထားသလို ဓာတ်ပုံရိုက်ကူးခြင်းနှင့် ဒရုန်းပျံသန်းခြင်းများကိုလည်း တရုတ်အစိုးရက တားမြစ်ခဲ့သည်။
Ref: Reuters
ဓာတ်ပုံ – China daily
ပုံစာ – တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA တပ်ဖွဲ့ဝင်များ စစ်ရေးလေ့ကျင့်နေစဥ်။