မြဝတီမြို့သို့ ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်များအား ပူးပေါင်းတပ်များက ရှေ့ဆက်မတိုးနိုင်အောင် ဖြတ်တောက်ထား
***************
( စစ်ကောင်စီတပ်ဖွဲ့ဝင်ရာကျော် ထိခိုက်သေဆုံး )
သံလွင်ခက်။
ဧပြီ ၁၈ ၊ ၂၀၂၄။
မြဝတီမြို့သို့ ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်များအား ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A) မှ ဦးဆောင်ပြီး ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့က ရှေ့ဆက်မတိုးနိုင်အောင် ဖြတ်တောက်ထားနိုသည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU က ယနေ့တွင်ထုတ်ပြန်သည်။
K.N.L.A မှ ဦးဆောင်ပြီး ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (K.N.D.O) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့က မြဝတီမြို့တွင် နောက်ဆုံး ကျန်ရှိသော ခလရ−၂၇၅ တပ်စခန်းအား ဧပြီလ (၁၁) ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီတပ်များအနေဖြင့် မြဝတီမြို့အား ပြန်လည်ရရှိရန် “အောင်ဇေယျ” အမည်ဖြင့် နိုင်ငံတော်အဆင့် စစ်ဆင်ရေးတစ်ရပ်အားဖော်ဆောင်ခဲ့သည်ဟု KNU ကဆိုသည်။
ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်များအား ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A) မှ ဦးဆောင်ပြီး ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့မှ ၎င်းတို့လာရာလမ်းတစ်လျှောက်တွင် အဆတ်မပြတ် ဖြတ်တောက် တိုက်ခိုက်ခြင်းများအား ပြုလုပ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ထိုသို့ဖြတ်တောက်တိုက်ခိုက်မှုကြောင့် ၎င်းတို့ဘက်မှ သံချပ်ကာယာဉ်အပါအဝင် စစ်သုံးကားအချို့ အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်ရာကျော် ထိခိုက်သေဆုံးခဲ့ရသောကြောင့် ရှေ့သို့ဆက်မတက်နိုင်ဘဲ ဒေါန တောင်တန်း အနောက်ဖက် တောင်ချေ တွင်သာ ရပ်တန့် နေခဲ့ရသည်။
ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်များသည် ၎င်းတို့ လာရာလမ်း တစ်လျှောက်တွင် စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားများနေထိုင်ရာ နေရာဒေသများအား လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းတို့အား လုပ်ဆောင်ခဲ့ခြင်းကြောင်း အပြစ်မဲ့ အရပ်သားပြည်သူလူထုများ ထိခိုက်သေဆုံး ဒဏ်ရာရရှိခဲ့ခြင်းများရှိသည့်အပြင် ပြည်သူ လူထုများ ပိုင်ဆိုင်သော ပစ္စည်းဥစ္စာများလည်း ထိခိုက်ပျက်စီးခဲ့ရသည်။
ပုံစာ − တော်လှန်ရေးတပ်ဖွဲ့ဝင်များမှ တိုက်ခိုက်ဖျက်စီးခဲ့သော စစ်ကောင်စီတပ်၏ ယာဉ်များ။
Photo- KNU