စစ်ကောင်စီရဲ့ လေယာဉ်ဗုံးထုတ်တဲ့ စက်ရုံ အတိုက်ခံရ
******************
သံလွင်ခက်
ဧပြီ ၁၇၊ ၂၀၂၄။
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ရှိ အမှတ်-၂၁ ကာကွယ်ရေးပစ္စည်းစက်ရုံကို တော်လှန်ရေးတပ်များက တပြိုင်နက် တိုက်ခိုက်ခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ကပစ-၂၁ သည် လေယာဉ်ဗုံးသီး ထုတ်လုပ်သည့် စက်ရုံဖြစ်ပြီး ဆိပ်ဖြူမြို့နှင့် မိုင် ၃၀ ခန့်အကွာတွင် တည်ရှိသည်။
ဗဟိုကွပ်ကဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (C3C) မှ ဆုံးဖြတ်သတ်မှတ်ပေးထားသော စစ်မဟာဗျုဟာ ပစ်မှတ်များအနက် တစ်ခုဖြစ်သည့် အမှတ် (၂၁) ကာကွယ်ရေးပစ္စည်းစက်ရုံ၏ စစ်ဆင်ရေး ပစ်မှတ် နေရာ ၂၀ ခုကို ယမန်နေ့ နံနက် ၉ နာရီတွင် တပြိုင်နက်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
အမှတ် (၁) စစ်ဒေသ၊ မကွေးတိုင်း ကွပ်ကဲရေးရုံး ကွပ်ကဲမှုဖြင့် မကွေးတိုင်းဒရုန်း လက်ရုံးတပ်၊ ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့၊ တိုင်းရုံး တိုက်ခိုက်ရေးအဖွဲ့၊ ပခုက္ကူခရိုင် အမှတ် (၁၊ ၄၊ ၅၊ ၈၊ ၁၁၊ ၁၉) တပ်ရင်းများ၊ ဂန့်ဂေါခရိုင် အမှတ် (၃၊ ၅၊ ၆၊ ၁၃) တပ်ရင်းများ၊ မကွေးခရိုင် အမှတ် (၁) တပ်ရင်းနှင့် သခင်ဖိုးလှကြီးအဖွဲ့များက အဆိုပါစစ်ဆင်ရေးတွင် ပါဝင်ခဲ့ကြသည်။
ပုံစာ- ပခုက္ကူခရိုင် အမှတ်-၁၉ တပ်ရင်းမှ ရဲဘော်များကို ရှေ့တန်းတစ်နေရာတွင် တွေ့ရစဉ်(ပုံအဟောင်း)