စစ်ရှောင်များကို ထောက်ပံ့ပြီး အပြန် ဖမ်းဆီးခံရသည့် မွန်လွှတ်တော်ဒုဥက္ကဌဟောင်း ပြန်လွတ်
**********
စကားမောင်
ဧပြီ ၁၅၊ ၂၀၂၄။
စစ်တပ်မှ ဖမ်းဆီးထားသည့် မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဌဟောင်း ဒေါက်တာအောင်နိုင်ဦးသည် ယနေ့ ဧပြီလ ၁၅ ရက်တွင် ပြန်လည် လွတ်မြောက်လာသည်ဟု ကာယကံရှင်၏ ထုတ်ဖော်ပြောကြားမှုမှ သိရသည်။
“မင်္ဂလာပါ အိမ်ကိုချောမွေ့စွာ ပြန်ရောက်ပါပြီ၊ သက်ဆိုင်ရာရဲ့ စစ်ဆေးမှုကို ကောင်းစွာ ခံယူပြီးတဲ့နောက် အပြစ်မရှိတဲ့အတွက် ဒီနေ့မနက် အိမ်ကို ပြန်ခွင့်ရခဲ့ပါတယ်” ဟု သူ၏ လူမှုကွန်ယက် စာမျက်နှာတွင် ယနေ့ နေ့လယ်က ရေးသားထားသည်။
ဒေါက်တာအောင်နိုင်ဦးသည် စစ်ဘေးဒုက္ခသည်များအား ထောက်ပံ့ပြီးအပြန် မော်လမြိုင်မြို့အဝင်တွင် စစ်တပ်က ဧပြီလ ၁၀ ရက်က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
သူသည် ချောင်းဆုံမြို့မဲဆန္ဒနယ် အမှတ် ၁ တွင် ၃ နှစ်ဆက် အနိုင်ရခဲ့ပြီး ဒေသခံများ၏ ထောက်ခံမှုကို ရခဲ့သူဖြစ်သည်။ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌအဖြစ် တာဝန်ယူခဲ့ပြီး စစ်တပ်နှင့် မွန်ညီညွတ်ရေးပါတီပူးပေါင်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် မွန်ညီညွတ်ရေးပါတီ (MPU)မှ တရားဝင်နှုတ်ထွက်ခဲ့သည်။
ယမန်နေ့ ဧပြီ ၁၄ ရက်တွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် ကျိုက်မရောမြို့နယ်၊ သံကလောင်ရွာမှ ကျောင်းထိုင်ဆရာတော်ပျံလွန်မှုအပါအဝင် ယခုလအတွင်း မွန်ဒေသအတွင်း မော်လမြိုင် – ရန်ကုန်ရထားလမ်းမိုင်းခွဲခံရမှု၊ ပေါင်မြို့မွန်ညီညွတ်ရေးပါတီဥက္ကဌ ပစ်သတ်ခံရမှုနှင့် တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ရေး နိုင်ငံရေးတင်းမာလျက်ရှိသည်။