၃ နှစ်ကျော်ကာလအတွင်း နေအိမ်ပေါင်း ၈ သောင်းကျော် မီးရှို့ဖျက်ဆီးခံရ
****************
သံလွင်ခက်။
ဧပြီ ၁၅ ၊ ၂၀၂၄။
အာဏာသိမ်း ၃ နှစ်ကျော်ကာလအတွင်း နေအိမ်ပေါင်း ၈ သောင်းကျော် မီးရှို့ ဖျက်ဆီးခံခဲ့ရသည်ဟု မီးရှို့ဖျက်ဆီးခံရမှုများကို စာရင်းကောက်ယူနေသည့် Data For Myanmar က ဧပြီ ၁၅ ရက်တွင် ထုတ်ပြန်သည်။
၂၀၂၄ မတ်လကုန်အထိ စုစည်းထားသည့် အချက်အလက်များအရ စစ်ကောင်စီနှင့် လက်အောက်အဖွဲ့အစည်းများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် အာဏာသိမ်း ၃ နှစ်ကျော်ကာလအတွင်း နေအိမ်ပေါင်း ၈၃,၇၄၆ လုံး ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၂၀၂၃ ခုနှစ် ဩဂုတ်လတွင် မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်အရေအတွက် ၁၀၀၀ အောက်ထိကျဆင်းသွားခဲ့သော်လည်း ၂၀၂၃ ဒီဇင်ဘာလမှစ၍ တဖြေးဖြေး ပြန်မြင့်တက်လာခဲ့သည်ဟု Data For Myanmar က ဆိုသည်။
ပြီးခဲ့သည့် မတ်လအတွင်း နေအိမ်ပေါင်း ၂,၈၃၁ လုံး မီးရှို့ဖျက်ဆီးခံရပြီး ယင်းထဲတွင် စစ်ကိုင်းတိုင်းက နေအိမ် ၁,၈၅၁ လုံးနှင့် မန္တလေးတိုင်းက နေအိမ် ၆၂၈ လုံးပါဝင်သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့် ဧပြီလ ၁၃ ရက် သင်္ကြန်အကြိုနေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် ဝါးတောမကျေးရွာ ၊ မကျီးစုကျေးရွာ ၊ ရေယဉ်သာကျေးရွာနှင့် ဘော်ကုန်းကျေးရွာများရှိနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံ နှစ်ဦးကိုလည်း သတ်ဖြတ်ခဲ့သည်ဟု ဒေသခံများထံက သိရသည်။