၃ နှစ်အတွင်း ဒုစစ်ဦးစီးချုပ်အပါအဝင် CNDF ရဲဘော်၄၈ ဦးကျဆုံး
******
ယမင်းဖူးပွင့်အောင်
ဧပြီ ၁၄၊ ၂၀၂၄။
၃ နှစ်တာတိုက်ပွဲကာလအတွင်း ဒုစစ်ဦးစီးချုပ်အပါအဝင် ကျဆုံးသူ ၄၈ ဦး ရှိခဲ့သည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ်/ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ – CNO/CNDF က ထုတ်ပြန်သည်။
အမျိူးသားရေးတာဝန်ထမ်းဆောင်ရင်း ကျဆုံးသူ ၄၈ဦးအထိရှိပြီး မသန်စွမ်းဖြစ်သွားရသူ ၄၂ ဦးရှိခဲ့သည်ဟု ယမန်နေ့ကကျရောက်ခဲ့သည့် CNDF ၃နှစ်ပြည့်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်အခြေစိုက်ရာ ကလေးမြို့ တိုက်ပွဲအတွင်း ယခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် CNDF တပ်ဖွဲ့များ ကြားဖြတ်တိုက်ခိုက်ခံရပြီး ဒုစစ်ဦးစီးချုပ်အပါအဝင် တပ်ဖွဲ့ဝင် ၃ ဦး ကျဆုံးခဲ့သည်။
CNDF အနေဖြင့် တိုက်ပွဲပေါင်း ၁၇၀ ကျော် ပါဝင်ဆင်နွှဲခဲ့ပြီး စခန်းသိမ်းတိုက်ပွဲ ၉ ကြိမ်ဆင်နွှဲခဲ့သည်။
ချင်းပြည်စုစည်းတည်ထောင်ပြီး ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ပေါက်လာရေးအတွက် CRPH၊ NUCC၊ NUG၊ ICNCC တို့နှင့် လက်တွဲလုပ်ဆောင်ခဲ့ပြီး ရင်ဘတ်ချင်းနီးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ – EROs များ အပါအဝင် တော်လှန်ရေးအင်အားစုများနှင့် ပိုမိုခိုင်မာစွာ ပူးပေါင်းဆောင်ရွက်လာခဲ့သည်ဟု အသိပေးထားသည်။
CNO/CNDF ၃နှစ်ပြည့်အတွက် တော်လှန်ရေးအဖွဲ့အစည်းများက သ၀ဏ်လွှာများပေးပို့ထားကြပြီး ဗမာအမျိုးသားလွတ်မြောက်ရေးတပ်တော် – BPLA က CNO/CNDF ပါဝင်သည့် ချင်းညီနောင်အဖွဲ့နှင့် ပူးပေါင်းတိုက်ပွဲဝင်သွားမည်ဟုလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ဓာတ်ပုံ – CNDF
ပုံစာ – ၂၀၂၄ ဧပြီ၂ ရက်ကပြုလုပ်ခဲ့သည့် စစ်သင်တန်းဆင်းပွဲတွင် CNDF ရဲဘော်များကိုတွေ့ရစဉ်။