ထိုင်း၊ မြန်မာနယ်စပ် ချစ်ကြည်ရေးတံတား (၂) ယာယီပြန်ဖွင့်
*********
ထွယ်
ဧပြီ ၁၂၊ ၂၀၂၄။
ထိုင်း၊ မြန်မာနယ်စပ် မဲဆောက်၊ မြဝတီ ချစ်ကြည်ရေး တံတား (၂)ကို ယနေ့ နံနက် ၈ နာရီခန့်မှစ၍ ယာယီ ပြန်ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။
မြဝတီ ချစ်ကြည်ရေးတံတား(၂) သည် ထိုင်း- မြန်မာနယ်စပ် ကုန်သွယ်ရေးအတွက် အဓိကသုံးနေသည့် လမ်းကြောင်းဖြစ်ပြီး ကုန်စည် စီးဆင်းမှုနှင့် ကုန်ကားကြီးများ အဓိက ဖြတ်သန်းသွားလာသည့် လမ်းကြောင်းဖြစ်သည်။
အဆိုပါ တံတားကို မြဝတီမြို့ရှိ စစ်ကောင်စီတပ်ရင်း ခလရ – ၂၇၅ က စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ တပ်များအကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့်အတွက် ယမန်နေ့နံနက်ပိုင်းက ထိုင်းဘက်ခြမ်းမှ ပိတ်လိုက်ခြင်းဖြစ်သည်။ ယနေ့တွင်တော့ မနေ့တံတားပိန်ချိန်ကတည်းက ကုန်တင်ကားများ ပိတ်မိနေသောကြောင့် ပြန်လည်ဖွင့်ပေးလိုက်ခြင်း ဖြစ်သည်။
တံတားပေါ်မှ ကုန်ကားများ ဖြတ်သန်းနေမှုမှာ ယနေ့ ညနေ ၃ နာရီခွဲဝန်းကျင်အထိ ရှိနေသေးသည်ကို မြေပြင်ကွင်းဆင်းသတင်းရယူနေသော သတင်းထောက်တစ်ဦး မျက်မြင်တွေ့ရှိခဲ့သည်။
ခလရ – ၂၇၅ က စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးပြီး အဆိုပါ ထိုင်း – ကရင်နယ်စပ် အမှတ် ၂ တံတားအနီးတွင် ခိုအောင်းနေသဖြင့် ယမန်နေ့ကတည်းက ထိုင်းနိုင်ငံဘက်ခြမ်းက လုံခြုံရေးတင်းကြပ်ထားသည်မှာလည်း ယနေ့နံနက်အထိ ဖြစ်သည်။
ထိုင်းဘက်ခြမ်းက ကုန်သွယ်ရေးတံတား ယာယီ ပြန်ဖွင့်ပေးထားသော်လည်း ခလရ ၂၇၅ မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မြဝတီအမှတ် ၂ တံတားတွင် ပိတ်မိနေဆဲဖြစ်သည်ဟု မြဝတီဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။
ဓာတ်ပုံ – သံလွင်ခက်