ပအိုဝ်းပြည်သူ့စစ်ပစ်ခတ်မှုကြောင့် စစ်ရှောင်အမျိုးသမီး ၁ ဦးသေဆုံး
******
ယမင်းဖူးပွင့်အောင်
ဧပြီ ၁၁၊ ၂၀၂၄။
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဖြစ်သည့် ပအိုဝ်းအမျိုးသားတပ်မတော် – PNA ၏ ပစ်ခတ်မှုကြောင့် အသက် ၃၇ နှစ်အရွယ် စစ်ရှောင်အမျိုးသမီး ၁ ဦး သေဆုံးခဲ့သည်ဟု ဒေသခံများထံက သိရသည်။
ယမန်နေ့ ဧပြီလ ၁၀ ရက်တွင် စစ်ရှောင်နေသည့် နောင်သိမ်ကျေးရွာဒေသခံ ဇနီးမောင်နှံ ၂ ဦး နေရပ်ပြန်လာရာ တောတွင်းတစ်နေရာတွင် စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်အဖွဲ့စစ်ကြောင်းနှင့် ထိပ်တိုက်တွေ့ကာ ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံ က သံလွင်ခက်ကိုပြောသည်။
“ဆီဆိုင်မြို့နယ် နောင်သိမ်ရွာဘက်ကို စစ်ကောင်စီက လက်နက်ကြီးတွေ တင့်ကားတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ၈ ရက်နေ့က စစ်ရှောင်သွားတာပေါ့နော်။ ၁၀ ရက်နေ့ကျတော့ ရွာပြန်မယ်ဆိုပြီး စစ်ရှောင်တဲ့နေရာကနေ ရွာကို ပြန်အလာ တောတွင်းတစ်နေရာမှာ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ် စစ်ကြောင်းနဲ့တိုးပြီး ပစ်သတ်ခံလိုက်ရတာဖြစ်ပါတယ်” ဟုပြောသည်။
အဆိုပါ ပစ်ခတ်မှုဖြစ်ပွားစဉ် အမျိုးသားဖြစ်သူကလွတ်မြောက်သွားပြီး ကျန်ရှိနေသည့် အမျိုးသမီး၏ အလောင်းကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက သွားရောက်ယူဆောင်ပေးခဲ့သည်ဟု ခွန်ရိန်းယံ က ပြောသည်။
“သူ့အမျိုးသားကတော့ အပစ်ခံရတဲ့အချိန်မှာ ထွက်ပြေးလွတ်မြောက်လာတာဖြစ်ပါတယ်။ ကျန်ရှိတဲ့ သူ့အမျိုးသမီးအလောင်းကိုတော့ တော်လှန်ရေး အင်အားစုဘက်က ၃ နာရီလောက်အကြာမှာ ကူညီကယ်ထုတ်ပေးလာတာဖြစ်ပါတယ်”ဟုပြောသည်။
ပြီးခဲ့သည့် ဧပြီလ ၈ ရက်ကလည်း ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာနှင့် လွယ်ပွတ်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ်အဖွဲ့များက တွေပူးကျေးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၁၀ တန်းကျောင်းသူ ၁ ဦးသေဆုံးခဲ့သလို ၎င်း၏ သူငယ်ချင်း ၂ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ဓာတ်ပုံ – ပေးပို့