မြဝတီတိုက်ပွဲကြောင့် ထို့ကော်ကိုးလမ်း ယာယီပိတ်ထား
*************
သဇင်
ဧပြီ ၁၀၊ ၂၀၂၄။
ကရင်ပြည်နယ် မြဝတီမြို့တွင် နှစ်ဖက်တိုက်ပွဲပြင်းထန်နေသည့်အတွက် ဘားအံ – မြဝတီလမ်းပိုင်းဖြစ်သည့် ထို့ကော်ကိုးလမ်းအား ယနေ့မနက်ပိုင်းကစ၍ ယာယီပိတ်ထားသည်ဟု လုံခြုံရေးတာဝန်ရှိသူများနှင့် ကား သမားများထံက သိရသည်။
မြဝတီမြို့၊ မြို့စောင့်တပ်ဖြစ်သည့် စစ်ကောင်စီ ခြေလျင်တပ်ရင်း- ခလရ ၂၇၅ အား ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် – KNLA နှင့် ပူးပေါင်းတပ်များက လက်နက်ချရန် အချိန်ပေးခဲ့သော်လည်း လက်မခံ သည့်အတွက် ယမန်နေ့ ဧပြီလ ၉ ရက် ညနေ ၃ နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ယနေ့ ဧပြီလ ၁၀ ရက် မနက်ပိုင်းအထိ တိုက်ပွဲဆက်လက်ဖြစ်ပွားနေသည့်အတွက် ထို့ကော်ကိုးလမ်းအား ယာယီပိတ်ထားခြင်းသည်ဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA – PC) တာဝန်ရှိသူတစ်ဦးက သံလွင်ခက်ကို ပြောသည်။
၄င်းက “ ထို့ကော်ကိုးလမ်းကို မနက် ၆ နာရီထဲက ပိတ်လိုက်တယ်။ အတက်လမ်းမှာ ပိတ်မိနေတဲ့ ကားအစီးရေ ၅၀၀ ကျော်ကို ဘားအံဘက်ကို ပေးဆင်းထားတယ်။ အဆင်းကားတွေ ကို ဦးစားပေး စနစ်နဲ့ လွှတ်ပေးနေပါတယ်” ဟု ဆိုသည်။
မြဝတီမြို့အတွင်း တိုက်ပွဲပြင်းထန်နေသောကြောင့် ရန်ကုန် – ဘားအံ – မြဝတီ ကားပြေးဆွဲမှုကို ယာယီရပ်ဆိုင်း ထားရသည်ဟု ကားသမားများထံက သိရသည်။
ဘားအံ – မြဝတီ ယာဉ်မောင်း ၁ ဦးက “တိုက်ပွဲဖြစ်နေတဲ့အတွက် ဘားအံ – မြဝတီကားသမားတွေ မတက်တော့ ဘူး။ တိုက်ပွဲပြင်းထန်လို့ ကားလမ်းကို ပိတ်ထားတယ်။ ဘယ်နေ့ပြန်ဖွင့်မလဲမသိသေးဘူး”ဟု ပြောသည်။
ယမန့်နေ့ ဧပြီလ ၉ ရက် ညနေပိုင်းကစ၍ ခမရ ၂၇၅ တပ်ရင်းရှိတပ်ဖွဲ့ဝင်များနှင့် KNLA ပူးပေါင်းအဖွဲ့များကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လက်နက်ကြီး၊ လေကြောင်းဖြင့် ဗုံးကြဲလျက်ရှိသည်။
ဒေသခံတစ် ၁ က “အခုဖြစ်နေတာ ၂၇၅ နားမှာ။ လေယာဉ်နဲ့ တစ်နေကုန်ကြဲချနေတာ။ မြို့ပြင်မှာ မြေကြီးတွေ ပါတုန်တယ် ”ဟု ဆိုသည်။
ယနေ့နံနက်ပိုင်းတွင်လည်း စစ်ကောင်စီတပ်က လေကြောင်းဖြင့်တိုက်ခိုက်ခဲ့သည့်အတွက် ခလရ ၂၇၅ အနီးရှိ နေအိမ်များ မီးလောင်ပျက်စီးခဲ့သည်။
ဓာတ်ပုံ – CJ
ပုံစာ – ထို့ကော်ကိုးလမ်းပိုင်းတွင် ခရီးသည်များ ညအိပ်ရပ်နားသည့်နေရာ။