“မြို့ပြလွတ်လပ်ရေး” စစ်ဆင်ရေးစတင်သည့်အနေဖြင့် မင်္ဂလာဒုံမြို့မရဲစခန်းအားတိုက်ခိုက်
*****
ယမင်းဖူးပွင့်အောင်
ဧပြီ ၁၀၊ ၂၀၂၄။
“ မြို့ပြလွတ်လပ်ရေး” စစ်ဆင်ရေးစတင်သည့်အနေဖြင့် ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်ရှိ မင်္ဂလာဒုံမြို့မရဲစခန်း အား Dark Shadow မြို့ပြပြောက်ကျားအဖွဲ့ဝင်များက သွားရောက်တိုက်ခိုက်ခဲ့သည်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု Dark Shadow မြို့ပြပြောက်ကျား အဖွဲ့ဝင်များထံက သိရသည်။
ယမန်နေ့ ညပိုင်းတွင် ဖောက်ခွဲတိုက်ခိုက်ရန် ပြင်ဆင်ထားခဲ့သော်လည်း မြေပြင်လုံခြုံရေးအခြေအနေကြောင့် ပြင်းအားမြှင့်မိုင်းများကိုသာ မင်္ဂလာဒုံမြို့မရဲစခန်းတွင် တပ်ဆင်ခဲ့ပြီးနောက် မြို့ပြပြောက်ကျားအဖွဲ့ဝင်များ ပြန် လည်ဆုတ်ခွာခဲ့ကြသည်ဟု Dark Shadow မြို့ပြပြောက်ကျားအဖွဲ့က ထုတ်ပြန်သည်။
ယနေ့နံနက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြို့ပြပြောက်ကျားအဖွဲ့ဝင်များ ထောင်ထားခဲ့သည့်မိုင်းအား ရှင်းလင်းရေးပြုလုပ်ရာ၌ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၁ ဦး အသက်အန္တရာယ်စိုးရိမ်ရသည့်အခြေအနေရှိသည်ဟု Dark Shadow တာဝန်ခံ ရဲဘော်အရိပ်(ပန်ဒါလေး) က သံလွင်ခက်ကိုပြောသည်။
၄င်းက “ ၁ ယောက်က သေနိုင်လောက်တဲ့ ဒဏ်ရာရတယ်။ ပြင်းထန်တယ်။ မျက်နှာပွင့်သွားတာ ”ဟု ပြောသည်။
စစ်ကောင်စီ၏ဖိနှိပ်မှု၊ အုပ်ချုပ်မှုကို မလွှဲမရှောင်နိုင် အံကြိတ်ရှင်သန်နေရသည့် မြို့ပြပြည်သူများအတွက် Dark Shadow အဖွဲ့က “ မြို့ပြလွတ်လပ်ရေး” စစ်ဆင်ရေးကို ယနေ့စတင်လိုက်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။
ပြီးခဲ့သည့် ဧပြီလ ၄ ရက်တွင်လည်း ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်ရှိ စစ်ကောင်စီဂိတ်နှင့် ပျူစောထီးဂိတ်ကို Dark Shadow အဖွဲ့က တိုက်ခိုက်ခဲ့သည်။