ထိုင်း – မြန်မာနယ်စပ်တွင် ဒုတိယကမ္ဘာစစ်လက်ကျန် ဥမင်လှိုဏ်ခေါင်းတွေ့ရှိ
******
သံလွင်ခက်
ဧပြီ ၈၊ ၂၀၂၄။
ထိုင်း – မြန်မာနယ်စပ် ဘုရားသုံးဆူ – စံခလဘူရီ အဝေးပြေးလမ်းမကြီးအနီးတွင် ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်များဖောက်လုပ်ခဲ့သည်ဟုယူဆရသည့် ဥမင်လှိုဏ်ခေါင်းတစ်ခုတွေ့ရှိခဲ့သည်ဟု သိရသည်။
အဆိုပါဥမင်လှိုဏ်ခေါင်းသည် ထိုင်းနိုင်ငံ စံခလဘူရီ၊ စံခလယ်ကျေးရွာအနီးတွင်တည်ရှိပြီး ဂျပန်များ ဖောက်လုပ်ခဲ့သော သေမင်းတမန်ရထားလမ်းကိုသုတေသနပြုလုပ်နေသည့် ထိုင်းနိုင်ငံသား ၂ ဦးက ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ဥမင်လှိုဏ်ခေါင်းသည် အကျယ် ၁ မီတာ နှင့် အမြင့် ၂ ဒဿမ ၅ မီတာခန့် ၊ အရှည် ၃၅ မီတာခန့်ရှိပြီး တောင်ကုန်းတစ်ခုကို ခပ်ကွေးကွေးဖေါက်လုပ်ထားသည်ဟု သိရသည်။
ဥမင်အတွင်း ဒုတိယကမ္ဘာစစ်လက်ကျန် အသုံးအဆောင်ပစ္စည်းများ တွေ့ရှိရသည့်အတွက် ဒုတိယ ကမ္ဘာစစ်အတွင်း ဂျပန်တပ်များက စစ်သုံ့ပန်းများနှင့်အတူဖောက်လုပ်ခဲ့ကြောင်း ယူဆရသည်ဟု ရှာဖွေတွေ့ရှိခဲ့သူ ထိုင်းနိုင်ငံသား ဆရာဝပ် က ပြောသည်။
၎င်းက “ဒုတိယကမ္ဘာစစ်တုန်းက အကျဉ်းသားတွေ၊ စစ်သုံ့ပန်းတွေနဲ့ ဖောက်လုပ်ခဲ့တာလို့ ယူဆရပါတယ်။ ဘာကြောင့်လဲဆိုတော့ မြေတူးတဲ့ပေါက်ချွန်းတွေ၊ သံတူးရွင်းတွေ၊ ပေါက်တူးတွေ သုံးခဲ့တဲ့ အစအနတွေ တွေ့ရတယ်”ဟုဆိုသည်။
ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်စစ်သားများက သေမင်းတမန်ရထားလမ်းဖောက်လုပ်နေချိန်အတွင်း လေကြောင်းတိုက်ခိုက်မှုများဒဏ်ကကာကွယ်ရန်အတွက် အဆိုပါဥမင်ကိုအသုံးပြုခဲ့သည်ဟု သုတေသီများက ဆိုသည်။
သေမင်းတမန်ရထားလမ်းသည် မြန်မာနိုင်ငံ၊ သံဖြူဇရပ်မြို့ မှ ဘုရားသုံးဆူတောင်ကြားကိုဖြတ်၍ ထိုင်းနိုင်ငံ ဘန်ပေါင် (Ban Pong) မြို့သို့ ဖောက်လုပ်ခဲ့ခြင်းဖြစ်သည်။
Ref: Khasod English
ဓာတ်ပုံ – Khasod English