စစ်ကောင်စီတပ်ဖွဲ့ဝင်များအားသွားခေါ်သည့်လေယာဥ် လူမပါဘဲပြန်ထွက်ခဲ့ရ
*******
သံလွင်ခက်
ဧပြီ ၈၊ ၂၀၂၄။
ပြီးခဲ့သောရက်ပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့များက မြဝတီမြို့အနီးဝန်းကျင်ကိုထိန်းချုပ်နိုင်ခဲ့ပြီးနောက် မြဝတီမြို့ က မြန်မာစစ်ကောင်စီအဆင့်မြင့်အရာရှိကြီးများနှင့် တပ်ဖွဲ့ဝင်များကို တာခ့်ခရိုင်၊ မဲဆောက်အပြည်ပြည်ဆိုင်ရာ လေဆိပ်တဆင့် မြန်မာနိုင်ငံသို့ လေကြောင်းခရီးစဥ်ဖြင့်သယ်ယူခွင့်ပြုရန် မြန်မာအာဏာပိုင်များက ထိုင်းအာဏာပိုင်များအား တောင်းဆိုခဲ့သည်။
မြဝတီမြို့သည် ထိုင်းနိုင်ငံ မဲဆောက်မြို့အနီးရှိနယ်စပ်မြို့ဖြစ်ပြီး မြန်မာစစ်ကောင်စီက အပြည့်အဝထိန်းချုပ်ထားနိုင်ခဲ့သောမြို့လည်းဖြစ်သည်။
ဧပြီ ၇ – ၉ အတွင်း မြန်မာခရီးသည်တင်လေယာဥ်များ မဲဆောက်အပြည်ပြည်ဆိုင်ရာလေဆိပ်ကိုဆင်းသက်ခွင့်ပြုရန် မြန်မာအာဏာပိုင်များကတောင်းဆိုထားသည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကပြောသည်။
အကယ်၍ ခွင့်ပြုချက်ရခဲ့မည်ဆိုလျှင် မြန်မာစစ်ကောင်စီအရာရှိ ၆၇ ဦး၊ အခြားအဆင့် ၄၁၀ ဦးနှင့် မိသားစုဝင် ၈၁ ဦး စုစုပေါင်း ၆၁၇ ဦးကို မဲဆောက်အပြည်ပြည်ဆိုင်ရာလေဆိပ်ကတဆင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ် ဆောင်သွားမည်ဖြစ်သည်။
လက်နက်ချအညံ့ခံခဲ့ကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များသည် မနေ့ညကဆင်းသက်လာခဲ့သော မြန်မာလေကြောင်းလိုင်းခရီးစဥ်တွင် ပြန်လည်လိုက်ပါသွားနိုင်ခဲ့သေးခြင်းမရှိဘဲ ခွင့်ပြုချက်ရရန် ထိုင်း – မြန်မာ နယ်စပ် ချစ်ကြည်ရေးတံတားတွင် စောင့်ဆိုင်းလျက်သာရှိသေးသည်ဟု ထိုင်းသတင်းဌာနတစ်ခုဖြစ်သည့် Thai PBS ကဖော်ပြသည်။
ယမန်နေ့ညတွင် မြန်မာခရီးသည်တင်လေယာဥ် ၁ စီးသည် မဲဆောက်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဆင်းသက်ခဲ့ပြီး နောက်ဆုံးမှ ပြန်လည်ထွက်ခွာခဲ့သည်။ အဆိုပါလေယာဥ် မဲဆောက်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ဆိုက်ကပ် ထားချိန်တွင် လေဆိပ်တွင်း မြန်မာနိုင်ငံသားတစ်ဦးမျှမရှိခဲ့ပါ။
KNU နှင့် PDF များက ၄ ရက်ကြာထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် မြဝတီမြို့ကို ထိန်းချုပ်လိုက်နိုင်သည်။
ထိုသို့ထိန်းချုပ်လိုက်နိုင်သဖြင့်လည်း မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံတွင်းဝင်ရောက်လာမည်စိုးရိမ်သောကြောင့် နယ်စပ်လုံခြုံရေးများတိုးမြှင့်ချထားရန် တာဝန်ရှိသူများအား တာ့ခ်ခရိုင်အကြီးအကဲ Somchai Kitcharoenrungroj က အမိန့်ပေးထားသည်။
Ref: Thai PBS