မန္တလေးမြို့ ကျုံးတောင်ဘက်ရှိ စစ်ကောင်စီ သင်္ကြန်မုခ်ဦး ပြိုကျ
**********
သံလွင်ခက်။
ဧပြီ ၇ ၊ ၂၀၂၄။
မန္တလေးမြို့၊ ကျုံးတောင်ဘက်တွင် တည်ဆောက်လျက်ရှိသည့် စစ်ကောင်စီ၏ သင်္ကြန်မုခ်ဦး ပြိုကျခဲ့သည်ဟု ဒေသခံများထံက သိရသည်။
ယနေ့ ည ၇ နာရီဝန်းကျင်တွင် လေပြင်းတိုက်ခိုက်မှုကြောင့် ကျုံးတောင်ဘက် ၂၆ လမ်းနှင့် ၇၃ လမ်း၌ စစ်ကောင်စီက သင်္ကြန်အတွက် ပြင်ဆင်ထားသည့် မုခ်ဦး ပြိုကျခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက သံလွင်ခက်သတင်းဌာနကိုပြောသည်။
၎င်းက ” ညအစောပိုင်း ၇ နာရီလောက်မှာ လေအရမ်းတိုက်နေတာ မန္တလေးမှာ။ အဲ့တာနဲ့ လေရှိန်ကြောင့် ပြိုသွားတာ ” ဟုဆိုသည်။
မုခ်ဦး ပြိုကျခဲ့သည့်အတွက် လမ်းပေါ်ရှိမော်တော်ကား ၂ စီး ပိမိခဲ့သည်ဟု ဒေသခံများထံက သိရသည်။
စစ်ကောင်စီက လာမည့် သင်္ကြန်ကာလများတွင် မန္တလေးမြို့အပါအဝင်မြို့ကြီးတချို့၌ ယခင်နှစ်များထက် စည်းကားအောင် ကြိုးပမ်းလျက်ရှိပြီး မဏ္ဍပ်ဆောက်လုပ်ခွင့်များကိုလည်း အခွန်မကောက်ဘဲ ခွင့်ပြုထားသည်။