လေးကေ့ကော်မြို့သစ်မှ သင်္ဃန်းညီနောင်အတွင်း စစ်ကောင်စီတပ်စခန်း ၅ ခုသာ ကျန်ရှိ
********************
နန်းဆုပန်ခန့်
ဧပြီ ၇၊ ၂၀၂၄။
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်း လေးကေ့ကော်မြို့သစ်မှ သင်္ဃန်းညီနောင်အတွင်း စစ်ကောင်စီတပ်စခန်းပေါင်း ၅ ခုသာ ကျန်ရှိတော့သည်ဟု မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။
မတ်လ ၇ ရက်ကစပြီး ကရင်အမျိုးသားအစည်းအရုံး – KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF ပူးပေါင်းတပ်များက မြဝတီမြို့အနီးအပါအဝင် သင်္ဃန်းညီနောင်ဒေသရှိ တပ်ရင်းများကို ထိုးစစ်ဆင်ခဲ့ရာ ယင်းဒေသအတွင်းတွင် စစ်ကောင်စီတပ်စခန်း ၅ ခုသာ ကျန်ရှိတော့သည်ဟု သံလွင်ခက်က ကောက်ယူထားသည့် စာရင်းများအရ သိရသည်။
ကျန်ရှိသော တပ်စခန်း ၅ ခုသည် လေးကေ့ကော်မြို့သစ်တွင် တစ်ခုတည်းကျန်ရှိသော စစ်ကောင်စီတပ်၏ ဆွယ်တော်ကုန်း၊ လေးကေ့ကော်နှင့် မြဝတီမြို့ကြားရှိ မေတ္တာလင်းမြိုင်ရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်း တစ်ခု၊ မြဝတီမြို့မရဲစခန်း၊ မြို့မရဲစခန်းအရှေ့လမ်း ကာကင်းနှင့် မြို့မရဲစခန်းအနောက်လမ်း ကာကင်းများ ဖြစ်သည်။
မတ်လကုန်အထိ ထိုးစစ်ဆင်တိုက်ခိုက်မှုအတွင်း သင်္ဃန်းညီနောင်ဒေသနှင့် လေးကေ့ကော်ဒေသရှိ စစ်ကောင်စီတပ်၏ တပ်ရင်း၊ ကာကင်းစခန်းကုန်းနှင့် အထိုင်ချစခန်း စုစုပေါင်း ၈ ခုကို သိမ်းပိုက်ရရှိခဲ့သည်ဟု ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောက သံလွင်ခက်သတင်းဌာနကို မတ်လ ၃ ရက်တွင် ပြောခဲ့သည်။
၎င်းက “ကာကင်းကုန်းအနေနဲ့ပြောမယ်ဆိုရင်တော့ ဒီလေးကေ့ကော်ရဲ့ ရေကန်ကုန်းကို သိမ်းပိုက်ရရှိခဲ့တယ်။ နောက်တစ်ခုက မီးထရမ်စဖော်မာ မြဝတီမြို့ကို မီးပေးတဲ့ လျှပ်စစ်စက်ရုံအပေါ်က ကျိုးပင်ကုန်းစခန်း ရှိမယ်။ ပြီးတော့ ၃၅၅ တာဝါတိုင်ကုန်းတစ်ခု ရှိမယ်။ အထိုင်ကာကင်းစခန်းကို သုံးခုသိမ်းဆည်းရမိတယ်ပေါ့။ နောက်တစ်ခုက အထိုင်စခန်းပေါ့၊ ဒီမြဝတီ – ဝေါလေလမ်းမကြီးမှာ ထိုင်ထားတဲ့ ဖလူး အထိုင်စခန်းရှိမယ်” ဟု ၎င်းက ဆိုသည်။
ထို့ပြင် သင်္ဃန်းညီနောင်ရှိ ရဲစခန်း၊ အထိုင်စခန်း နှစ်ခုအပြင် အမှတ် (၁၂) စစ်ဆင်ရေးကွပ်ကဲမှူးဌာနချုပ် (စကခ ၁၂) လက်အောက်ခံ ခမရ (၃၅၅)၊ တပ်ရင်း၊ ၃၅၆ တပ်ရင်းများကိုလည်း သိမ်းပိုက်ရရှိခဲ့သည်ဟု ၄င်းက ဆက်လက်ပြောဆိုသည်။
ထို့နောက် ဧပြီ ၅ ရက်တွင်လည်း ခြေမြန်တပ်ရင်း ခမရ (၃၅၇) နှင့် စစ်ဗျူဟာကုန်းများကို KNLA နှင့် PDF ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့သည်။
မတ်လကုန်ပိုင်းအထိ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း အလင်းဝင်လာသူများနှင့် ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များလည်း ရှိသည်ဟု ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောက ဧပြီလ ၃ ရက်တွင် ပြောဆိုသည်။
၎င်းက “ဒီအတောအတွင်းထဲမှာ စစ်ကောင်စီတပ်သားထဲမှာ လက်နက်နဲ့ အလင်းဝင်လာတာက သုံးယောက် ရှိတယ်။ စစ်သုံ့ပန်းအနေနဲ့ ဖမ်းမိတာက လေးယောက် ရှိတယ်” ဟု ပြောသည်။
ဧပြီလတွင်လည်း အလင်းဝင်လာသူများနှင့် ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိသော်လည်း စာရင်းအတိအကျကို မသိရသေးဟု ဗိုလ်ဒါဘောက ဆက်လက်ပြောသည်။
ဧပြီလ ၅ ရက်တွင် သင်္ဃန်းညီနောင်ဗျူဟာကုန်းအား KNLA ပူးပေါင်းတပ်များက သိမ်းပိုက်စဉ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး လက်နက်နှင့်အတူ လာရောက်ပူးပေါင်းမှုများရှိခဲ့သည်ဟုလည်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။
မြေပြင်သတင်းရင်းမြစ်တစ်ဦးက “သင်္ဃန်းညီနောင်ဗျူဟာကုန်း ရသွားပြီး လက်နက်လည်း ရတယ်။ ၇ ယောက် အလင်းဝင်လာတယ်။ လက်နက်ပါတယ်” ဟု ပြောသည်။
လက်ရှိအချိန်တွင် တော်လှန်ရေးပူးပေါင်းတပ်များက လေးကေ့ကော်မြို့ရှိ စွယ်တော်ကုန်းကို ဝိုင်းထားပြီဖြစ်သည်ဟု မြေပြင်သတင်းရင်းမြစ်များက ဆိုသည်။
တပ်မဟာ ၆ နယ်မြေ၊ ဒူးပလာယာခရိုင်တွင် တကြော့ပြန်တိုက်ပွဲ ပြန်လည်ပြင်းထန်လာမှုနှင့်အတူ စစ်ကောင်စီတပ်စခန်းများကိုလည်း ဆက်လက်သိမ်းပိုက်နိုင်ရန်အတွက် ပြည်သူများ၏ ပူးပေါင်းမှု လိုအပ်လျက်ရှိသည်ဟု ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောက ဆိုသည်။
၎င်းက “တောက်လျှောက်စစ်ဆင်ရေးလုပ်တဲ့အချိန်မှာ ပြည်သူရဲ့ အား လိုတယ်ပေါ့နော်။ ပြည်သူတွေရဲ့ကူညီပံ့ပိုးမှု လိုအပ်တယ်ပေါ့နော်။ အခုက အရင်တုန်းကနဲ့ မတူဘူး၊ တောက်လျှောက် မရပ်မနားဘဲနဲ့ ပန်းတိုင်ကို ရောက်အောင်သွားမယ်ဆိုတော့လေ၊ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးဖို့ ဝိုင်းဝန်းကူညီဖို့ အာဏာရှင်အမြန် ပြုတ်အောင် အတူတူ လက်တွဲပူးပေါင်းကြဖို့လိုအပ်ပါတယ်” ဟု ပြောသည်။
တပ်မဟာ ၆ နယ်မြေတွင် မတ်လ တစ်လတာအတွင်း စစ်ကောင်စီတပ်၏ စခန်းပေါင်း ၁၁ ခုကို ကာကွယ်ရေး ပူးပေါင်းတပ်များက သိမ်းပိုက်ထားနိုင်ခဲ့ပြီးဖြစ်သည်။
လက်ရှိတွင် ကရင့်လက်နက်ကိုင်တပ်ဖွဲ့များဖြစ်သည့် ကော်သူးလေတပ်မတော်- KTLA ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA နှင့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် – DKBA တို့ ၃ ဖွဲ့ပူးပေါင်းပြီး ထိုင်း – ကရင်နယ်စပ် ဝေါလေဘက်ခြမ်းရှိ စစ်ကောင်စီတပ်စခန်းများကိုလည်းကောင်း၊ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင် တိုက်ဖျက်ရေး – NMSP-AD)၊ မွန်ပြည်လွတ်မြောက်ရေးတပ်မတော် – MLA၊ PDF များပူးပေါင်းကာ မွန် – ကရင်နယ်စပ်ရှိ စစ်ကောင်စီစခန်းများအားလည်းကောင်း၊ ကော့ကရိတ်မြို့တွင်းနှင့် မြဝတီဒေသ၊ လေးကေ့ကော်ဒေသများရှိ စစ်ကောင်စီတပ်စခန်းများကိုလည်း KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များကလည်း ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။
ဓါတ်ပုံ – ပေးပို့
ပုံစာ – မြဝတီမြို့အဝင်တွင် မြင်တွေ့ရသည့် ပူးပေါင်းတပ်ဖွဲ့များ။