သင်္ဃန်းညီနောင်ဗျူဟာကုန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၇ ဦးလက်ချအညံ့ခံ
***********************
နန်းဆုပန်ခန့်
ဧပြီ ၅၊ ၂၀၂၄။
ကရင်ပြည်နယ်၊ မြဝတီမြို့အထွက်ရှိ သင်္ဃန်းညီနောင်ဗျူဟာကုန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF ပူးပေါင်းတပ်များက ယနေ့ မွန်းလွဲ ၃ နာရီခန့်တွင် သိမ်းပိုက်ရရှိခဲ့သည်ဟု မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။
ဗျူဟာကုန်းသိမ်းပိုက်ရရှိမှုအတွင်း ဟောင်ဝှစ်ဇာလက်နက်အပြင် စစ်ကောင်စီတပ်သား ၇ ဦးလက်နက်ချအညံ့ချခဲ့သည်ဟု မြေပြင်ရဲဘော်တစ်ဦးက သံလွင်ခက်ကိုပြောသည်။
၎င်းက ” ဒီနေ့ ညနေ ၁ နာရီကျော်က စစ်ကောင်စီဆေးရုံမှာ တာဝန်ထမ်းဆောင်နေတဲ့သူတွေနေတဲ့ လိုင်းခန်းတွေဘာတွေရသွားပြီး၊ ဆေးရုံရသွားပြီး၊ ညနေ ၃ နာရီကျော်မှာတော့ ဗျူဟာကုန်းရသွားပြီး ၊ ဟောင်ဝှစ်ဇာ ၂ လက်ရတယ်၊ တခြားလက်နက်တွေလည်းရတယ်၊ ပြီးတော့ စစ်ကောင်စီတပ်သား ၇ ယောက်လည်းအလင်းဝင်လာသေးတယ် “ဟု ဆိုသည်။
ကာကွယ်ရေးပူးပေါင်းတပ်များက သင်္ဃန်းညီနောင်ဗျူဟာကို ယမန်နေ့ ဧပြီ ၄ ရက်၊ နံနက်ပိုင်းမှစတင်တိုက်ခိုက်ခိုက်ခဲ့ပြီး ယနေ့ ဧပြီ၅ ရက် ညနေပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
ဗျူဟာကုန်းသိမ်းပိုက်မှုအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိသော်လည်း စစ်ကောင်စီဘက်ကအကျအဆုံးများသည်ဟု မြေပြင်ရဲဘော်တစ်ဦးက ဆိုသည်။
၎င်းက ” နှစ်ဖက်လုံးအကျအဆုံး ထိခိုက်တာတွေရှိတယ်၊ ဒါမယ့် စစ်ကောင်စီဘက်က ကျတာများတယ်၊ တောင်ပုံယာပုံပဲ ” ဟု ဆိုသည်။
ယမန်နေ့ကစပြီး တိုက်ပွဲဖြစ်ပွါးရာနေရာအနီးတစ်ဝိုက်ကို စစ်ကောင်စီတပ်၏ ခြေလျင်တပ်ရင်း ခလရ – ၂၇၅ မှ လက်နက်ကြီးများပစ်ခဲ့ပြီး Y – 12 လေယာဉ်၊ တိုက်လေယာဉ်များဖြင့် လာရောက်ပစ်ခတ်မှုများရှိခဲ့သည်။
ထို့ပြင် ယနေ့နံနက် ၄ နာရီမှစ၍ လက်နက်ကြီးလက်နက်ငယ်ပစ်ခတ်မှု ပိုမိုပြင်းထန်လာသည်ဟု ဒေသခံများထံက သိရသည်။
သင်္ဃန်းညီနောင်ဗျူဟာကုန်းအပြင် ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့တွင်လည်း သင်္ဃန်းညီနောင်အနီးရှိတပ်ရင်းများကို ကာကွယ်ရေးပူးပေါင်းတပ်များက စတင်တိုက်ခိုက်သိမ်းပိုက်ရာ လက်ရှိအချိန်တွင် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ – ၃၅၅၊ ၃၅၆ အပြင် ခမရ – ၃၅၅အနီးရှိ တာဝါတိုင်ကုန်းနှင့် သင်္ဃန်းညီနောင်ရဲစခန်း များကိုလည်း သိမ်းပိုက်ရရှိထားပြီးဖြစ်သည်။
ပုံစာ – ကော်ဘရာစစ်ကြောင်းမှ တပ်ဖွဲ့ဝင်များ။
ဓာတ်ပုံ – Cobra Column