နေပြည်တော်စစ်ရုံးချုပ် ဒရုန်းဖြင့် တိုက်ခိုက်ခံရ
******
သံလွင်ခက်
ဧပြီ ၄၊ ၂၀၂၄။
နေပြည်တော်ရှိ စစ်ဗိုလ်ချုပ်ကြီးများ ရုံးစိုက်ရာ စစ်ရုံးချုပ်(ကကကြည်း)နှင့် အေလာလေတပ်စခန်းကို ယနေ့နံနက်ပိုင်းတွင် ဒရုန်းများဖြင့်တပြိုင်နက် တိုက်ခိုက်မှုလုပ်ဆောင်ခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့များထံက သိရသည်။
နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ ၊ စစ်ရုံးချုပ်(ကကကြည်း)နှင့် အေလာလေတပ်စခန်းများကို ယနေ့နံနက် ၉ နာရီတွင် တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ဟု အမည်မဖော်လိုသည့် ကာကွယ်ရေးရဲဘော် ၁ ဦးက သံလွင်ခက်ကို အတည်ပြုပြောကြား သည်။
“အေလာလေတပ် နဲ့ ဇေယျာသီရိ စစ်ရုံးချုပ်၊ အနီးက မင်းအောင်လှိုင် နေအိမ်တို့ကို ၉နာရီလောက်မှာ တစ်ချိန်တည်း ဒရုန်းတွေနဲ့ တိုက်ခဲ့တာပါ။ နောက်ဆက်တွဲအခြေ အနေတွေကိုတော့စုံစမ်းနေဆဲဖြစ်ပါတယ်”ဟု ဆိုသည်။
စစ်ခေါင်းဆောင်နေအိမ်နှင့် စစ်ရုံးချုပ်သည် နေပြည် တော်၏ အရှေ့မြောက်စွန်းစွန်း တောင်ကုန်းများအနီးတွင် တည်ရှိနေပြီး အနီးတွင်လည်း အခြားဗိုလ်ချုပ်ကြီးများ နေထိုင်လျက်ရှိသည်။
တိုက်ခိုက်ခံရမှုတွင် စစ်ခေါင်းဆောင်နေအိမ် ပါဝင်သည်ဟုဆိုသော်လည်း သံလွင်ခက်အနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အထူးတပ်ဖွဲ့များနှင့် ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့၏ Kloud Drone တပ်ခွဲက စစ်ရုံးချုပ်ကိုလည်း ကောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အထူးတပ်ဖွဲ့များနှင့် ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့၏ Leather Weapon တပ်ခွဲက အေလာလေတပ်ကို လည်းကောင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
အေလာလေတပ်အတွင်း ယနေ့နံနက်ပိုင်းက မီးလောင်နေသည်ဟု နေပြည်တော်မြို့ခံများက ပြောဆိုနေကြသော်လည်း သံလွင်ခက်အနေဖြင့် သီးခြားအတည်ပြုနိုင်ခဲ့ခြင်းမရှိပေ။
NASA အဖွဲ့၏ ကမ္ဘာလုံးဆိုင်ရာအပူခြေရာခံမြေပုံ(Heat Map) ပေါ်တွင် အေလာလေတပ်နေရာတွင် မီးလောင်ကျွမ်းမှု ရှိခဲ့သည်ဟု တွေ့ရှိရသည်။
အေလာလေတပ်စခန်းပေါ်တွင် ကာကွယ်ရေးတပ်ဖွဲ့များက ပြီးခဲ့သည့်နှစ် စက်တင်ဘာ ၁၅ ရက်တွင် ဒရုန်းများဖြင့် ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ဖူးသည်။
ဧပြီလ ၂ ရက်တွင် တပ်ကုန်းမြို့နယ် မြို့မရဲစခန်း ဗုံးသွင်းပစ်ခတ်ခံရပြီးနောက်ပိုင်း နေပြည်တော်ရှိ မြို့နယ်များတွင် ယခုရက်ပိုင်းအတွင်း လုံခြုံရေးနှင့် အစစ်အဆေးတင်းကြပ်ထားသည်။
ပုံစာ-အေလာလေတပ်ပေါ်သို့ ၂၀၂၃ စက်တင်ဘာ ၁၅ ရက်က ဗုံးသီးကြဲချစဉ်။