သဇင်
ဧပြီ ၄၊၂၀၂၄။
⏹ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့် နာဂဒေသ၊ လေရှီးမြို့နယ်တွင် စစ်ကောင်စီတပ်က လူငယ်များကို စစ်မှုထမ်းဥပဒေ၌ ပါဝင်လာစေရန် သက်ဆိုင်ရာတာဝန်ရှိသူများကို စည်းရုံးနေသည်ဟု နာဂဒေသ ပကဖ စစ်ရေး ဒုတာဝန်ခံက ပြောသည်။
နာဂဒေသတွင် ပြီးခဲ့သည့် မတ်လဆန်းပိုင်းမှ စတင်ပြီး စစ်ကောင်စီတပ်က တပ်သားစုဆောင်းမှု ပြုလုပ်လာတာကြောင့် လေရှီးမြို့နယ်ရှိ လူငယ်အများအပြားသည် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
စစ်မှုထမ်းဥပဒေကြောင့် နေရပ်စွန့်ခွာသူများအား ပြန်ခေါ်ပေးရန် စစ်ကောင်စီတပ်က လေရှီးယဉ်ကျေးမှုအဖွဲ့ထံ ယမန်နေ့ ဧပြီလ ၂ရက်နေ့တွင် အစည်းအဝေးခေါ်ယူပြောဆိုခဲ့သည်ဟု နာဂဒေသ ပကဖ စစ်ရေး ဒုတာဝန်ခံက ပြောသည်။
“မြို့နယ် AD (အုပ်ချုပ်ရေးမှူး) ဦးဝင်းမောင် ဦးဆောင်ပြီး စစ်တပ်ရယ် လေရှီးယဉ်ကျေးမှုအဖွဲ့ကိုခေါ်ပြီး အစည်းအဝေးလုပ်တယ်။ လူငယ်တွေမရှိတော့တာက သူတို့အမှားပါ။ လူငယ်တွေကို ပြန်ခေါ်ပေးပါဆိုပြီး ယဉ်ကျေးမှုအဖွဲ့ကို ဖျားယောင်းပြီး တွန်းအားပေးအစည်းအဝေးလုပ်တယ်”ဟုဆိုသည်။
ပြီးခဲ့သည့်မတ်လ ၃၀ရက်တွင် လေရှီးမြို့နယ်၌ စစ်ကောင်စီတပ်က တပ်သားစုဆောင်းမှူအဖြစ် နေအိမ်အထိ လာရောက်ခေါ်ယူခြင်းကြောင့် လေရှီးမြို့နယ် စံပြကျေးရွာနှင့် ရေဒေါင်ကျေးရွာမှ ဒေသခံ (၁၈)ဦးပါသွားခဲ့သည်ဟု ဒေသခံများပြောပြချက်အရသိရသည်။
ယင်းနေ့တွင် နာဂဒေသ သက်ဆိုင်ရာဌာန တာဝန်ရှိသူများက ဖမ်းဆီးခံရသူများကို စစ်ကောင်စီထံမှ သွားရောက်ခေါ်ထုတ်ခဲ့သည်ဟု သိရသည်။
“ဖမ်းတဲ့ ၁၈ ယောက်ထဲမှာ နာဂလက်နက်ကိုင်တစ်ဖွဲ့ဖြစ်တဲ့ NSCN-IM က ရဲဘော်၃ဦးပါတော့ သက်ဆိုင်ရာလက်နက်ကိုင်မှ ရဲဘော်၃ဦးနှင့် ပြည်သူ၅ဦးကိုခေါ်ထုတ်သွားပါတယ်။ ပြည်သူ၅ဦးကလည်း သူတို့အခြေချရာဒေသက ပြည်သူတွေဖြစ်လို့ပါ။ ကျန်၁၀ယောက်ကိုတော့ နာဂရိုးရာယဉ်ကျေးမှုအဖွဲ့က ရွေးထုတ်တာပါ ၁၀ယောက်ထဲမှာ ကျောင်းသားတွေလည်းပါတော့ ကျောင်းသားတွေဖြစ်နေလို့ဆိုပြီးအားလုံးပြန်လွတ်လာတာပါ “ဟု နာဂဒေသ ပကဖ စစ်ရေး ဒုတာဝန်ခံက ဆိုသည်။
အာဏာသိမ်းစစ်ကောင်စီက ပြန်လည်အသက်သွင်းလိုက်သည့် စစ်မှုထမ်းဥပဒေသည် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းအကျုံးဝင်မည်မဟုတ်သလို ယင်းဥပဒေကို ကန့်ကွက်သည်ဟုလည်း နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-NSCNKက ထုတ်ပြန်ထားသည်။
လက်ရှိတွင် နာဂဒေသ၊လေရှီးမြို့နယ်အတွင်း လူငယ်များမရှိတော့သည့်အတွက် SNA(ရှမ်းနီ အမျိုးသားများတပ်မတော်)နှင့်စစ်ကောင်စီတပ်များက ဖမ်းဆီးရန်လည်းပြင်ဆင်နေသည်ဟု ဒေသခံများ၏ ပြောပြချက်များအရသိရသည်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့် လဟယ်မြို့နှင့် လေရှီးမြို့နယ်တွင် စစ်မှုထမ်းဥပဒေအရ သတ်မှတ်ထားသည့် အသက်ရွယ်ဖြင့်မဟုတ်ဘဲ စစ်မှုထမ်းရန်အကျုံးဝင်သူ မည်သူကိုမဆို အိမ်တိုင်ရာအရောက်ခေါ်ယူသွားမည်ဟု စစ်ကောင်စီဘက်က ပြောဆိုထားသည်ဟု ဒေသခံများထံက သိရသည်။
ပုံစာ – လေရှီးမြို့နယ်တွင် မြို့နယ်ထွေအုပ်ရုံးမှ ဒေသခံများအား စစ်မှုထမ်းဥပဒေနှင့်ပတ်သတ်သည့် လက်ကမ်းစာစောင် ဝေနေသည့်မြင်ကွင်း(CJ)