မိုးမောက်ရှိ ကျောက်စခန်းစုပေါင်းဂိတ်ကို KIA ပူးပေါင်းတပ်သိမ်းပိုက်
******
ထွယ်
ဧပြီ ၂၊ ၂၀၂၄။
ကချင်ပြည်နယ် မိုးမောက် – လွယ်ဂျယ် လမ်းမပေါ်တွင် တည်ရှိပြီး မိုးမောက်မြို့မှ အရှေ့ဘက် ၁ မိုင်ခွဲခန့် အကွာရှိ ကျောက်စခန်းကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီ၏ စုပေါင်းဂိတ်ကို ကချင်လွတ်မြောက်ရေးတပ် မတော် – KIA နှင့် ပူးပေါင်းတပ်က ယနေ့ညနေ ၅ နာရီခန့်တွင် သိမ်းပိုက်နိုင်ခဲ့သည်ဟု ရှေ့တန်းသတင်းရင်းမြစ်များထံက သိရသည်။
မိုးမောက်မြို့နယ်တွင် တိုက်ပွဲများ ပြင်းထန်နေစဉ် အဆို ပါ ကျောက်စခန်းစုပေါင်းဂိတ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အနည်းငယ်သာ ကျန်ရှိတော့ခြင်းဖြစ်သည်ဟု ဒေသခံ အမျိုးသား ၁ ဦးက သံလွင်ခက်ကို ပြောသည်။
၎င်းက “လူမှမရှိတော့တာ။ ၅ ယောက်လောက်ပဲရှိမယ်ထင်တယ်။ တိုက်တာတောင် အသံခဏလေးပဲကြားလိုက်တာ” ဟု ပြောသည်။
ယခင်က အဆိုပါ ကျောက်စခန်းစုပေါင်းဂိတ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သားနှင့် ရဲများသာမက ဌာနပေါင်းစုံ အခွန်ကောက်လျက်ရှိသည့် စုပေါင်းဂိတ်ကြီးဖြစ်သည်ဟု ဒေသခံများထံက သိရသည်။
ကချင်ပြည်နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို KIA နှင့်ပူးပေါင်းတပ်က မတ်လ ၇ ရက်ကစ၍ တပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထိုအချိန်ကစ၍ ကျောက်စခန်းစုပေါင်းဂိတ်ရှိ စစ်ကောင် စီတပ်ဖွဲ့ဝင်များသည် ဗန်းမော် – မိုးမောက် ကားလမ်းမပေါ်ရှိ ၎င်းတို့၏ မိုးမောက်အခြေစိုက် ခမရ – ၄၃၇ တပ်စခန်းနှင့် ၃ မိုင်ခန့်အကွာ ဒေသအခေါ် ၅ မိုင် စုပေါင်းဂိတ်သို့ သွားရောက်ပူးပေါင်းသွားကြသည်ဟု ဒေသခံ အမျိုး သမီး ၁ ဦး ပြောသည်။
၎င်းက “ဒေါ့ဖုန်းယန်ဘက် စဖြစ်ကတည်းက ကြောက်ပြီး ကျောက်စခန်းဂိတ်ကသူတွေ အားလုံးနီးပါး ၅ မိုင်ဂိတ်ကို အကုန်ပေါင်းသွားကြတာ။ သူတို့ဖာသာ ထွက်သွားကြတာပေါ့” ဟုပြောသည်။
ယင်းအပြင် မိုးမောက်မြို့ရှိ ရဲစခန်းတွင်လည်း စစ်ကောင် စီတပ်ဖွဲ့ဝင်များအားလုံး စခန်းစွန့်ခွာသွားကြပြီး စခန်းစောင့်အနည်းငယ်သာ ကျန်ရှိတော့သည်ဟု ဒေသခံ အမျိုးသားက ပြောသည်။
KIA နှင့်ပူးပေါင်းတပ်သည် မိုးမောက်မြို့နယ်ရှိ စစ်ရေးအရအရေးပါသည့် စစ်ကောင်စီတပ်စခန်းဗျူဟာကုန်းများအပါအဝင် ကာကင်းစခန်း ၁၂ ခုကို တစ်ပတ်အတွင်းတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ယမန်နေ့ကလည်း စိန်လုံတပ်စခန်းကြီးကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
အဆိုပါတပ်စခန်းကိုသိမ်းပိုက်စဉ် ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲဝင်များအား လုံခြုံရေးပေးရန် အင် အား ၁၀၀ ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယမန်နေ့ ညနေ ၅ နာရီခန့်က မိုးမောက်မြို့ရှိနေအိမ်များတွင် ဝင်ရောက်နေထိုင် သွားကြသည်ဟု ဒေသခံများက ပြောသည်။