စစ်ကောင်စီ၏ သင်တန်းကျောင်းနှင့် လေ့ကျင့်ရေးတပ်များတွင် စစ်သင်တန်းများစတင်လာ
*******
ကောင်းချစ်အောင်
ဧပြီ ၁၊ ၂၀၂၄။
ပြည်သူ့စစ်မှုထမ်းဥပဒေအရ တပ်သားသစ်အဖြစ်စုဆောင်းခံထားရသည့်လူငယ်များကို စစ်ကောင်စီက စစ်သင်တန်းကျောင်းများနှင့် လေ့ကျင့်ရေးတပ်များတွင် အခြေခံစစ်သင်တန်းများ စတင်ပို့ချပေးနေပြီဖြစ်သည်ဟု သိရသည်။
မတ်လ ၃၁ ရက်အထိစာရင်းအရ ၎င်းတို့ထိန်းချုပ်မှု အားကောင်းနေဆဲဖြစ်သည့်ဒေသများရှိ တန်းမြင့်လေ့ကျင့်ရေးကျောင်းများ၊ စစ်အခြေခံလေ့ကျင့်ရေးတပ်နေရာများတွင် စစ်သင်တန်းများကို အပတ်စဉ် ၁ အဖြစ် စတင်ပြုလုပ်နေသည်ဟု ဓာတ်ပုံမှတ်တမ်းများနှင့်တကွ စစ်ကောင်စီက ဖော်ပြသည်။
စစ်ကောင်စီအနေဖြင့် စစ်မှုထမ်းဥပဒေကိုအကောင်အထည်ဖော်ရန်အတွက် တန်းမြင့်လေ့ကျင့်ရေးကျောင်းများနှင့် စစ်အခြေခံလေ့ကျင့်ရေးတပ်များကို အဓိကအသုံးပြုလိမ့်မည်ဟု CDM တပ်မတော်သားများနှင့် ဖွဲ့စည်းထားသည့် ပြည်သူ့ပန်းတိုင်အဖွဲ့က ခန့်မှန်းသုံးသပ်ခဲ့ဖူးသည်။
ထိုသို့ ကြိုတင်ခန့်မှန်းထားသည့်အတိုင်းပင် မတ်လ နောက်ဆုံးရက်သတ္တပတ်ကစ၍ နိုင်ငံတဝန်းရှိလူငယ်များ စစ်သင်တန်းတက်ရောက်ရန်စုဆောင်းခံထားရပြီး အဆိုပါနေရာများတွင် သင်တန်းများစတင်လာခြင်းဖြစ်သည်။
နိုင်ငံအနှံ့တွင် တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းများကို ၁၄ နေရာအထိ ဖွင့်လှစ်ထားပြီး အဆိုပါကျောင်းများကို “တတက”ဟု အတိုကောက်ခေါ်ဝေါ်သုံးနှုန်းကြသည်။ ထို့အပြင် စစ်အခြေခံလေ့ကျင့်ရေးတပ် – စခတ များသည်လည်း ၁၁ ခုအထိရှိနေသည်။
စစ်ကောင်စီက ဖောင်ကြီး စခတ-၁၊ ရွှေမြင်တင်(ပုသိမ်) စခတ-၆ နှင့် တောင်တွင်းကြီး စခတ-၇ တို့တွင်လည်း ကောင်း၊ ဂျိုးဖြူ(တိုက်ကြီး) တတက-၁၊ မိုးစွေ(ဥတ္တရသီရိ) တတက-၂၊ ကွင်းကောက်(အင်္ဂပူ) တတက – ၅ နှင့် အုတ်တွင်း(တောင်ငူ) တတက – ၆ တို့တွင် စစ်သင် တန်းများ စတင်နေခြင်းဖြစ်သည်။
စစ်ကောင်စီသည် ၎င်းတို့ထိန်းချုပ်ထားနိုင်နေဆဲဖြစ်သည့်နေရာများတွင်သာ စစ်သင်တန်းပြုလုပ်နိုင်တော့ပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲပြင်းထန်နေသည့် ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ တတက – ၁၄ တွင် လုံးဝလုပ်ဆောင်နိုင်ခြင်းမရှိတော့ပေ။
ယင်းအပြင် ရခိုင်ပြည်နယ်၊ မင်းပြားမြို့အနီး ကမ်းနီရွာအခြေစိုက် တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းကိုလည်း ရက္ခိုင့်တပ်တော် – AA က ဖေဖော်ဝါရီ ၂၆ ရက်တွင် သိမ်းပိုက်ထားသည်။
ဟိုပုံးမြို့ တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံ၊ မန္တလေးနန်းတွင်း၊ ဗထူးမြို့ အမှတ် – ၁ အရာခံနှင့် အကြပ်ကြီးသင်တန်းကျောင်း စသည့်နေရာများတွင်လည်း စစ်သင်တန်းတက်ရောက်ရန် သင်တန်းသားများစတင်ရောက်ရှိနေပြီဖြစ်သည်။
ပြည်သူ့စစ်မှုထမ်းသင်တန်းတက်ရောက်ရန် ပထမဆုံးခေါ်ယူမည့်အပတ်စဥ်တွင် မိမိသဘောဆန္ဒဖြင့် ဝင်ရောက်လိုသူများသာပါဝင်မည်ဖြစ်သည်ဟု စစ်ကောင်စီပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်း က မတ်လ ၂၇ ရက်က နေပြည်တော်၌ကျင်းပသည့် ၇၉ နှစ်မြောက် တပ်မတော်နေ့အခမ်းအနားတွင် ပြောကြားခဲ့သည်။
(ပြည်သူ့ပန်းတိုင်အဖွဲ့၏ဖော်ပြချက်များကိုကိုးကားပြီး သင်တန်းကျောင်းနှင့် တပ်တည်နေရာများ ဖော်ပြထားခြင်းဖြစ်သည်)