စစ်ကောင်စီကြောင့် ၃ လအတွင်း မုန်းဒေသခံ ၁၈ ဦးသေဆုံးပြီး ၆၀,၀၀၀ ကျော် ထွက်ပြေးနေရ
*******
သံလွင်ခက်
ဧပြီ ၁၊ ၂၀၂၄။
စစ်ကောင်စီတပ်များ၏တိုက်ခိုက်မှုများကြောင့် ကရင်အမျိုးသားအစည်းအရုံး – KNU၊ တပ်မဟာ ၃ နယ်မြေ ဖြစ်သည့် ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်က ဒေသခံ ၁၈ ဦးသေဆုံးခဲ့သည်ဟု မုန်းမြို့နယ် ကရင် အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီက မတ်လ ၃၁ ရက်တွင်ထုတ်ပြန်သည်။
စစ်ကောင်စီတပ်က ၂၀၂၄ ခုနှစ် ဇန်နဝါရီလကစ၍ မတ်လကုန်အထိ ၃ လအတွင်း မုန်းမြို့နယ်ကို လေကြောင်း ဖြင့် ၆၃ ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် လက်နက်ကြီး၊ ဒရုန်းများဖြင့် အကြိမ်ပေါင်းများစွာပစ်ခတ်ခြင်း၊ နေအိမ်မီးရှို့ဖျက်ဆီးခြင်းများလုပ်ဆောင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။
ထိုသို့ တိုက်ခိုက်မှုများကြောင့် မုန်းမြို့နယ်က ဒေသခံ ၁၈ ဦးသေဆုံးခဲ့ပြီး ၃၉ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် နေအိမ်စုစုပေါင်း ၁၆၇ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီ၏ ထုတ် ပြန်ချက်အရ သိရသည်။
ယင်းအပြင် ကျေးရွာပေါင်း ၈၇ ရွာက ဒေသခံ ၆၃၁၁၂ ဦး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
လက်ရှိတွင် မုန်းဒေသခံအချို့ နေရပ်ပြန်နေထိုင်နေသော်လည်း အများစုကတော့ စစ်ကျန်ပစ္စည်းများ၏ အန္တရာယ် ကြောင့် နေရပ်ပြန်ရမည်ကို စိုးရိမ်နေကြသည်။
မုန်းဒေသခံအမျိုးသမီး ၁ ဦးက “မုန်းမှာကတော့ တချို့ပြန်နေကြတယ်။ အနီးအနားက ရွာတွေကတော့ ပြန်မနေ ရဲကြသေးဘူး။ မိုင်းတွေအများကြီးထောင်ထားတာ။ လက်နက်ကြီးတွေနဲ့ပစ်နေတော့ အကုန်ကြောက်နေရတာပါ ပဲ။ လူတွေလည်း စိတ်ဓာတ်တွေကျနေပြီ။ ဘာဝင်ငွေမှမရှိကြဘူးလေ” ဟုဆိုသည်။
စစ်ကောင်စီက ပြည်သူများအပေါ် ပစ်မှတ်ထားအကြမ်းဖက်တိုက်ခိုက်နေမှုများအား ပြင်းထန်စွာကန့်ကွက် ကြောင်းနှင့် အဆိုပါလုပ်ရပ်များ ချက်ချင်းရပ်တန့်ရန်နှင့် စစ်ဘေးရှောင်ပြည်သူများ၏ စားဝတ်နေရေး၊ ပညာရေး ၊ ကျန်းမာရေး စသည်များအတွက် လိုအပ်သောလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများပေးရန် နိုင်ငံတကာအဖွဲ့အစည်းများကို ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီက တောင်းဆိုထားသည်။
ဓာတ်ပုံ – KNU
ပုံစာ – ထွက်ပြေးတိမ်းရှောင်နေရသည့် မုန်းမြို့နယ် ဒေသခံများ။ (ပုံဟောင်း)
************
Telegram– > https://t.me/newstlk/4089
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8845