စစ်ရေးအချက်အချာကျသည့် ကော့ဘိန်းရဲစခန်း ပြန်လည်ရရှိရန် စစ်ကောင်စီတပ် ထိုးစစ်ပြင်ဆင်နေ
*****
နန်းဆုပန်ခန့်
မတ် ၂၇၊ ၂၀၂၄။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ပြန်လည်ရရှိရန်အတွက် စစ်ကောင်စီက ထိုးစစ်ပြင်ဆင်နေသည်ဟု တော်လှန်ရေးပူးပေါင်းတပ်များထံက သိရသည်။
ထိုးစစ်ဆင်ရန်ပြင်ဆင်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်ရှိအချိန်တွင် ကော့ဘိန်းကျေးရွာ အနောက် ဘက် ၇ မိုင်ခန့်အကွာရှိ တရနာကျေးရွာ၌ရောက်ရှိနေသည်ဟု မြေပြင်ရဲဘော် ၁ ဦးက သံလွင်ခက်ကို ပြောသည်။
၎င်းက “ ကော့လမုဘက် ထိုးတယ်။ တိုင်းကလည်း ၁၀ ၀ကျော်ဆင်းလာတယ် တရနာဘက်ကို၊ တိုင်းဆိုတာက ရတခ ” ဟု ဆိုသည်။
ကော့ဘိန်းကျေးရွာရဲစခန်းအား တိုက်ခိုက်နေစဉ်နှင့် သိမ်းပိုက်နိုင်အပြီးတွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပစ်ခတ်မှုများလုပ်ဆောင်လျက်ရှိသည်။
ယမန်နေ့နေ့လယ်တွင် လေယာဉ်ဖြင့် ၄ ကြိမ် လာရောက်ပစ်ခတ်ခဲ့ပြီး ဒေသခံများထိခိုက်မှုရှိသည်ဟု အခြား မြေပြင်ရဲဘော် ၁ ဦးကဆိုသည်။
၎င်းက “ 35 ကော fighter ကော။ နောက်ပြီး လေယာဉ်ပေါ်ကနေ လက်နဲ့ပစ်ချတဲ့ဟာကောလာတယ်။ တစ်ခါလာရင် ၁ စီးဆီလာတယ်။ အနည်းဆုံးနာရီဝက်လောက်ပတ်ပျံတယ်။ မနေ့က အရပ်သား ၅ ယောက်ထိခိုက်ဒဏ်ရာရတယ်၊ “ ဟု ပြောသည်။
ကော့ဘိန်းနယ်မြေသည် စစ်ရေးအရအရေးပါသည့် နယ်မြေတစ်ခုဖြစ်သည့်အတွက် စစ်ကောင်စီတပ်က ပြန်လည်ရယူရန် ကြိုးပမ်းနေခြင်းဖြစ်သည်ဟု စစ်ရေးကျွမ်းကျင် ၁ ဦးက သုံးသပ်သည်။
၎င်းက ” ကော့ဘိန်းရလိုက်တဲ့အတွက် တော်လှန်ရေးအင်အားစုတွေအနေနဲ့ ကျိုက်မရောမြို့နယ်နဲ့ မော်လမြိုင် မြို့နယ် (ယခင်) မော်လမြိုင်ခရိုင်ထိုးဖောက်ဖို့ ပိုပြီးလွယ်ကူသွားတာပါ့ ” ဟုဆိုသည်။
ကော့ဘိန်းနယ်မြေရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဘက်က မတ်လ ၂၄ ရက်ကစ၍ စတင်ထိုးစစ် ဆင်တိုက်ခိုက်ခဲ့ပြီး မတ်လ ၂၅ ရက်တွင်အပြီးတိုင်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါရဲစခန်းအား ဗိုလ်အယ်စေးဝါး ဦးဆောင်သော Lion Battalion ဗျူဟာစစ်ကြောင်း၊ မွန်ပြည်သစ်ပါတီ – AD၊ မွန်ပြည်လွတ်မြောက်ရေးတပ်တော် – Mon Liberation Army၊ ဂဠုန်စစ်ကြောင်း၊ ကျားဖြူစစ်ကြောင်း၊ ရှားထူးဝေါ်နည်းပညာတပ်ဖွဲ့၊ KNDO တပ်ရင်း ၆၊ စောနဂါးတပ်ဖွဲ့၊ SSDF ဒရုန်းတပ်ဖွဲ့နှင့် အယ်ဖာဘတ်ဒရုန်းအဖွဲ့တို့ ပူးပေါင်း၍ တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
ပုံစာ – ကော့ဘိန်းရဲစခန်းသိမ်းပိုက်ပြီးနောက်မြင်ကွင်း။