စိန်ရတု ပအိုဝ်းအမျိုးသားနေ့ကို ကိုယ်ထူကိုယ်ထကျင်း
ပ
*******
ယမင်းဖူးပွင့်အောင်
မတ် ၂၆၊ ၂၀၂၄။
၇၅ နှစ်မြောက် စိန်ရတု ပအိုဝ်းအမျိုးသားနေ့ အခမ်း အနားကို လွတ်မြောက်နယ်မြေတစ်နေရာတွင် ကိုယ်ထူ ကိုယ်ထကျင်းပခဲ့ကြသည်ဟု ပအိုဝ်းဒေသခံများထံက သိရသည်။
ပြီးခဲ့သည့် မတ်လ ၂၄ ရက်၊ တပေါင်းလပြည့်နေ့တွင် ကျရောက်သည့် ပအိုဝ်းအမျိုးသားနေ့ကို ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ – PNFC က ဦးဆောင်ကျင်းပခဲ့ပြီး
မြေပြန့်ဒေသ(ခမ်းဒေါမ်) ပအိုဝ်းပြည်သူလူထုများနှင့် စုပေါင်း၍ ကိုယ်ထူကိုယ်ထကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်
သည်။
အဆိုပါ အခမ်းအနားတွင် ပအိုဝ်းအမျိုးသားအလံကိုအလေးပြုခြင်း၊ ကျဆုံးလေပြီးသော ပအိုဝ်းအမျိုးသားခေါင်းဆောင်နှင့် အာဇာနည်ခေါင်းဆောင်အပေါင်းတို့အားအလေးပြုခြင်း၊ တော်လှန်ရေးအဆက်ဆက်တိုင် ကျဆုံးလေပြီးဖြစ်သော အာဇာနည်သူရဲကောင်းအပေါင်းတို့ကိုအလေးပြုခြင်း၊ သဘာပတိကမိန့်ခွန်းပြောကြားခြင်း၊ ကြွရောက်လာသောခေါင်းဆောင်များက အဖွင့်မိန့်ခွန်းပြောကြားခြင်း၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ အတွင်းရေးမှူး ၂ ခွန်ဝေထူး က ပအိုဝ်းအမျိုး သားနေ့ကျင်းပရခြင်းအကြောင်း ရှင်းလင်းတင်ပြခြင်း၊ မဟာမိတ်တော်လှန်ရေးအဖွဲ့အစည်းအသီးသီးက ပေးပို့လာသောသဝဏ်လွှာများဖတ်ကြားခြင်း၊ ပွဲကျင်းပရေးကော်မတီအဖွဲ့ဝင် ၁ ဦးက ကျေးဇူးတင်စကားပြောကြားခြင်းနှင့် သဘာပတိအဖွဲ့ဝင် ၁ ဦးက နိဂုံးချုပ်အမှာစကား ပြောကြားခြင်း၊ ပအိုဝ်းတေးသီချင်းသီဆို၍ အခမ်းအနားအောင်မြင်စွာပြီးမြောက်ကြောင်း ကြေညာခြင်းများ ပြုလုပ်ခဲ့သည်ဟု သိရသည်။
ပအိုဝ်းအမျိုးသားနေ့ကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ – နအဖအစိုးရလက်ထက်က တည်းက ပအိုဝ်းအမျိုးသားနေ့အစား ပအိုဝ်းအမျိုးသားပွဲတော်အနေဖြင့်သာကျင်းပပြုလုပ်ရန် ဖိနှိပ်တားမြစ်မှု
များရှိခဲ့ပြီး အခက်အခဲများကြားက နှစ်စဉ်ကျင်းပလာခဲ့ခြင်းဖြစ်သည်ဟု PNFC အတွင်းရေးမှူး -၂ ခွန်ဝေထူး က သံလွင်ခက် ကို ပြောသည်။
“ဒီလိုကျင်းပနိုင်ရခြင်းဟာလည်းပဲ ရှေးယခင်က ပအိုဝ်းအမျိူးသားခေါင်းဆောင်နဲ့ ပအိုဝ်းမျိုးချစ်ပြည်သူတွေရဲ့ မျိုးချစ်စိတ်ဓာတ်တွေကြောင့်ဖြစ်တယ်။ သူတို့ရဲ့ စွန့်လွှတ်အနစ်နာခံတဲ့စိတ်ဓာတ်ကို ပြန်လည်အောက်မေ့ပြီး အလေးပြုဂုဏ်ပြုတဲ့နေ့ဖြစ်တယ်”ဟုဆိုသည်။
၇၅ နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့အခမ်းအနားကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်တွင်လည်း ကျင်းပခဲ့ပြီး စစ်ကောင်စီခန့် ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပအိုဝ်းပြည်သူ့စစ် PNO ခေါင်းဆောင် ဦးအောင်ခမ်းထီတို့နှင့်အတူ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် – PNLO နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ လည်း တက်ရောက်ခဲ့သည်။
စစ်အာဏာရှင်နှင့်ပူးပေါင်းခြင်းသည် ပအိုဝ်းတစ်မျိုးသားလုံး၏ ဂုဏ်သိက္ခာကို ကျဆင်းစေသည်ဟု ခွန်ဝေထူးက ဆိုသည်။
“ယခင်ကာလအဆက်ဆက်တွေမှာ ပအိုဝ်းကိုယ်ပိုင်အုပ် ချုပ်ခွင့်နဲ့ တန်းတူရေးအတွက် စစ်ကောင်စီနဲ့ နိုင်ငံရေးတွေ့ဆုံညှိနှိုင်းခဲ့သော်လည်း တစ်စုံတစ်ရာရရှိခဲ့ခြင်းမရှိဘူး။ ဒါကြောင့်မို့ စစ်အာဏာရှင်လက်အောက်မှာ အသက်ပေး၊ ကျွန်ခံပေးလို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့် တန်းတူရေးကိုရလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်ဟာ ပအိုဝ်းတစ်မျိုးသားလုံးရဲ့ ဂုဏ်သိက္ခာကို ထိခိုက်ညှိုးနွမ်းစေတာဖြစ်တယ်” ဟု ပြောသည်။
နေအထွက် လဝင်အချိန်တွင် မွေးဖွားခဲ့သည့် သူရိယ စန္ဒာမင်းကို အထွတ်အထိပ်ထားကာ ရှင်ဘုရင်၏မွေးနေ့ကိုယူ၍ ပအိုဝ်းအမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့သည်။
ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး ဖြားဗွာလှဖေ ဦး ဆောင်ကာ ၁၉၅၂ ခုနှစ်တွင် ပအိုဝ်းအမျိုးသားနေ့ သတ်မှတ်ပေးရန် ဆန္ဒပြတောင်းဆိုခဲ့ပြီး နှစ်စဉ်ကျရောက်သည့် တပေါင်းလပြည့်နေ့တွင် ပအိုဝ်းအမျိုးသားနေ့အခမ်းအနားများ ကျင်းပခဲ့ကြသည်။
ဓာတ်ပုံ-ပေးပို့။