စစ်ကောင်စီအတွက် တပ်သားသစ် စုဆောင်းပေးသည့် အုပ်ချုပ်ရေးမှူးများကို အရေးယူသွားမည်ဟု TNLA ဆို
****************************
သဇင်
မတ် ၁၉၊၂၀၂၄။
စစ်မှုထမ်းဥပဒေအတွက် ပြည်သူလူထုဆန္ဒအား ဆန့်ကျင်ကျော်လွန်ပြီး စစ်ကောင်စီအတွက် တပ်သားသစ် အဓမ္မစုဆောင်းပေးသည့် အုပ်ချုပ်ရေးမှူးများကို အရေးယူသွားမည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA က ယနေ့တွင် ထုတ်ပြန်သည်။
လားရှိုး၊သီပေါ၊ကျောက်မဲ၊နောင်ချို၊မိုးကုတ်နှင့် မိုးမိတ် စသည့်မြို့နယ်များတွင် စစ်မှုထမ်းရန်အတွက် စစ်ကောင်စီက အဓမ္မစစ်သားစုဆောင်းနေသည်ဟု ဒေသခံများမှ PSLF/TNLAထံ တိုင်ကြားအကူညီတောင်းခံလာသည်ဟု ထုတ်ပြန်ချက်၌ဖော်ပြထားသည်။
စစ်သားစုဆောင်းရာတွင် စစ်ကောင်စီသည် ရပ်ကွက်၊ကျေးရွာ၊အုပ်စု သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများကို သတ်မှတ်ထားသည့် တပ်သားသစ်ဦးရေအတိုင်း ၎င်းတို့ထံသို့ ကောက်ခံပို့ဆောင်ပေးရန် စေခိုင်းထားပြီး ရပ်ရွာ အုပ်ချုပ်ရေးမှူးများက အချို့နေရာများတွင် စတင်အကောင်အထည်ဖော်နေပြီ ဖြစ်သည်ဟု သိရှိရသည်။
ယင်းသို့ အဓမ္မတပ်သားသစ်စုဆောင်းခိုင်းစေခြင်းကို ရပ်ရွာပြည်သူလူထုနှင့် PSLF/TNLAက လက်ခံနိုင်ခြင်းမရှိဟု ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။
ပုံစာ – မတ်လ ၁၈ရက်တွင် နမ္မတူဒေသခံများကို TNLA ဗိုလ်ချုပ်တားဘုန်းကျော် တွေ့ဆုံစဉ်။