ရခိုင်ပြည်နယ်တွင် ငွေထုတ်ခများအဆမတန်မြင့်တက်
*********************************************
ယမင်းဖူးပွင့်အောင်
မတ် ၁၉၊ ၂၀၂၄။
တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်ရှိ မြို့နယ်များတွင် ငွေထုတ်ခများ အဆမတန်မြင့်တက်နေသည်ဟု ဒေသခံများထံက သိရသည်။
လွန်ခဲ့သည့် ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းကစ၍ စစ်တွေမြို့ကို စစ်ကောင်စီက ဝင်ထွက်ခွင့်ပိတ်လိုက်သည့်အတွက် ကုန်ဈေးနှုန်းများသာမက ငွေထုတ်ခဈေးနှုန်းများလည်း မြင့်တက်လာခြင်းဖြစ်သည်ဟု စစ်တွေမြို့ဒေသခံ ၁ ဦးက သံလွင်ခက်ကိုပြောသည်။
“ စစ်တွေမှာက စီးပွားရေးဘဏ် ၁ ခုပဲ ဖွင့်ထားတယ်။ ငွေလည်း အကန့်အသတ်နဲ့ရက်ချိန်းပြီးမှရတယ်။ ဒီဘက်မှာက ငွေလွှဲ၊ ငွေထုတ်က wave တို့ KPay တို့နဲ့ပဲ လည်ပတ်နေကြရတာ။ ထုတ်ခကတော့ စစ်တွေမှာ ၁၀၀,၀၀၀ ကို ၆,၀၀၀ ကနေ ၁၀,၀၀၀ ကြားမှာပါ” ဟုဆိုသည်။
စစ်ကောင်စီက စစ်တွေမြို့မှခိုးထွက်သူများကို ဖမ်းဆီး
ကာ ငွေကြေးတောင်းခံနေသလို ငွေကြေးမပေးဆောင်နိုင်သူများကို ပစ်သတ်ခြင်း၊ တရားစွဲခြင်းများ လုပ်ဆောင်နေသည်ဟု ၎င်းကဆက်ပြောသည်။
“စစ်တွေမြို့ဒေသခံအများစုက ၂၀၂၃ ခုနှစ် ၁၂ လပိုင်းကနေစပြီး တိမ်းရှောင်နေကြတယ်။ ငွေကြေးတတ်နိုင်တဲ့သူတွေက ရန်ကုန်နဲ့ ပြည်ပထွက်ပြီး လက်လုပ်လက်စားတွေက တခြားနယ်ကိုထွက်ကြတယ်။ စစ်တွေမြို့ကို ၁ လပိုင်းကစပြီး မြို့ဝင်မြို့ထွက်ပိတ်ဆို့ထားတယ်။ စစ်ကောင်စီက ခိုးထွက်တဲ့သူတွေကိုလည်း ဖမ်းပြီး ငွေကြေးတောင်းခံတာ၊ တရားစွဲတာတွေရှိနေတယ်”ဟုပြောသည်။
ရက္ခိုင့်တပ်တော်က သိမ်းပိုက်ထားသည့် မင်းပြား၊ ကျောက်တော်၊ ပေါက်တော၊ မြေပုံ၊ မြောက်ဦး၊ ပုဏ္ဏားကျွန်းစသည့် မြို့နယ်များတွင်လည်း မြန်မာကျပ်ငွေ ၁၀၀,၀၀၀ ကို ငွေထုတ်ခ ၁၀,၀၀၀ အထိပေးနေရသည်ဟု ဒေသခံများထံက သိရသည်။
ပေါက်တောမြို့နယ်တွင် ငွေလွှဲငွေထုတ်ဝန်ဆောင်မှုလုပ် ငန်းလုပ်ကိုင်သူ ၁ ဦးက “ စစ်တွေဘက်က အခု လုံးဝပိတ်ဆို့ထားတယ်။ ငွေက ဒီဘက်ကို လုံးဝပို့ပေးလို့မရတော့ဘူး။ ငွေလွှဲဆိုရင် လက်ခံပါတယ်။ ငွေထုတ်ပေးဖို့က လောလောဆယ် အဆင်မပြေတော့ဘူး” ဟုဆိုသည်။
ပေါက်တောမြို့နယ်တွင် ယခင်က ဆီ ၁ လီတာကို ၂,၄၀၀ ကျပ်မှ ယခု ၂၀,၀၀၀ အထက်၊ ငရုတ်သီးခြောက်
၁ ပိဿာကို ၈,၀၀၀ ကျပ်မှ ၄၀,၀၀၀ ကျပ်အထိ၊ ဆား ၁ ပိဿာကို ၅၀၀ ကျပ်မှ ၂,၅၀၀ကျပ်အထိ၊ ရွှေဝါဆပ်ပြာခဲ ၁ တုံးကို ၇၀၀ ကျပ်မှ ၃,၀၀၀ကျပ်အထိ ကုန်ဈေးနှုန်းများလည်း မြင့်တက်လျက်ရှိသည်။
စစ်ကောင်စီနှင့် AA တို့ကြား လွန်ခဲ့သည့် ၄ လခန့်ကစ၍ တိုက်ပွဲများပြင်းထန်နေပြီး လမ်းကြောင်းပိတ်ဆို့မှုများကြောင့် စက်သုံးဆီဈေးနှုန်းများလည်း မြင့်တက်နေသည်ဟု ဒေသခံများထံက သိရသည်။