မင်းပြားလေကြောင်းတိုက်ခိုက်ခံရမှုအပေါ် အလွန်အမင်းစိုးရိမ်ကြောင်း ကုလပြောဆိုပြန်
**********
သံလွင်ခက်
မတ် ၁၉၊ ၂၀၂၄။
ယမန်နေ့ မတ်လ ၁၈ ရက်တွင် မင်းပြားမြို့နယ်၊ သာဒေကျေးရွာကို စစ်ကောင်စီကလေကြောင်းတိုက်ခိုက်ခဲ့သဖြင့် ဒေသခံ ၂၃ ဦးသေဆုံးခဲ့ပြီး အဆိုပါလေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်နှင့် အခြားသောစစ်ကောင်စီ၏လေကြောင်း တိုက်ခိုက်မှုများအပေါ် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရပ်စ် က အလွန်အမင်းစိုးရိမ် ပူပန်လျက်ရှိသည်ဟု ကုလပြောရေးဆိုခွင့် ရှိသူက ပြောဆိုလိုက်သည်။
ရွေးကောက်ခံအရပ်သားအစိုးရထံကနိုင်ငံတော်အာဏာကို မြန်မာစစ်တပ်က ၂၀၂၁ ခုနှစ်တွင်သိမ်းယူပြီးနောက် ပိုင်း မြန်မာနိုင်ငံသည် တုန်လှုပ်ခြောက်ခြားဖွယ်ရာဖြစ်ရပ်များနှင့် ရင်ဆိုင်နေခဲ့ရသည်။
“ရခိုင်ပြည်နယ်မှာ အရင်ကတည်းက ရှိနေခဲ့ပြီးသားဖြစ်တဲ့ ခွဲခြားဆက်ဆံမှုတွေအပြင် တကျော့ပြန်ချဲ့ထွင်လာကြ တဲ့ပဋိပက္ခတွေက အိုးအိမ်စွန့်ခွာထွက်ပြေးမှုတွေကို ပိုပြီး ဆိုးရွားလာစေခဲ့ပါတယ်” ဟု အဆိုပါ ကုလ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
“မြန်မာနိုင်ငံမှာရှိနေကြတဲ့ သက်ဆိုင်သူတွေအားလုံးက တင်းမာမှုတွေ ရှေ့ ဆက်ကြီးမား မလာအောင် တားဆီးဖို့လိုတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကလည်း တိုက်တွန်းထားတယ်” ဟု ၎င်းက ဆက်ပြော သည်။
ရခိုင်ပြည်နယ်၌ ၂၀၁၇ ခုနှစ်တွင်ဖြစ်ပွားခဲ့သောအဓိကရုဏ်းများကြောင့် မူဆ လင် ရိုဟင်ဂျာများ အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နယ်စပ်ခရိုင်ဖြစ်သော ကော့ဘဇားရှိဒုက္ခသည်စခန်းများသို့ထွက်ပြေးခဲ့ကြရပြီး လက်ရှိတွင် လူပေါင်း ၁ သန်းနီးပါး အဆိုပါဒုက္ခသည်စခန်းများ၌ နေထိုင်နေကြရသည်။
မြန်မာစစ်တပ်နှင့် အစိုးရက မူဆလင်ရိုဟင်ဂျာများအား နိုင်ငံခြားသားများဟုသာရှုမြင်ထားကြပြီး ၎င်းတို့၏ နိုင်ငံသားဖြစ်ခွင့်ကိုလည်း ငြင်းပယ်ထားသော် လည်း စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက်ပိုင်းမှာတော့ အဆိုပါ မူဆလင် ရိုဟင်ဂျာများအား တပ်သားသစ်အဖြစ်စုဆောင်းပြီး စစ်ပွဲများတွင်အသုံးချနေသည်။
မတ်လ ၁၈ ရက်တွင်ဖြစ်ပွားခဲ့သော မင်းပြားမြို့၊ သာဒေကျေးရွာကို စစ်ကောင် စီ၏လေကြောင်းတိုက်ခိုက်မှု ကြောင့် လသားအရွယ်ကလေးငယ်များ၊ သက် ကြီးရွယ်အိုများအပါအဝင် လူပေါင်း ၂၃ ဦးသေဆုံးခဲ့ပြီး ၃၃ ဦး ပြင်းထန်ဒဏ်ရာများရရှိခဲ့ကြသည်။
Ref: Reuters
ဓာတ်ပုံ – APM
ပုံစာ – စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော သာဒေကျေးရွာရှိနေအိမ်များ။