သံလွင်ခက်
မတ် ၁၈ ၊ ၂၀၂၄ ။
ကနီမြို့သိမ်းဆင်နွှဲခဲ့သော ကာကွယ်ရေးပူးပေါင်းတပ်များသည် ရက်ပိုင်းအတွင်းမြို့ကို ၉၀ ရာခိုင် နှုန်းထိန်းချုပ်နိုင်သည်အထိ ထိုးစစ်အားကောင်းခဲ့သော်လည်း ခဲယမ်းအားနည်းမှု၊ မလုံလောက်မှုကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရသည်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့အား ယင်းမာပင်ခရိုင် တပ်ပေါင်းစုက မတ်လ ၂ ရက်တွင် ထိုးစစ်ဆင်ခဲ့သည်။
ကနီမြို့ရှိ ရဲစခန်း၊ ထွေ/အုပ်ရုံး၊ ဘုရားကုန်း၊ ဆေးရုံ၊ စာသင်ကျောင်းတို့တွင် အခြေချနေသော ခလရ (၈၇၊ ၈၉၊ ၂၂၂)၊ ခမရ-၃၁၃ ပူးပေါင်းအင်အား (၁၀၀) ကျော်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။
” မနက် ဝေလီဝေလင်းအချိန်မှာ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေက စစ်ကြောင်းတွေခွဲပြီး အလုံး အရင်းနဲ့ ကနီမြို့ကို စပြီး ဝင်သိမ်းတယ်။ အဆင်ပြေတယ်၊ နိုင်တယ်၊ ရှိသမျှ ခွေးတွေ နီးစပ်ရာ ရွှေမြင်းဖြူ၊ ရွှေစည်းခုံစတဲ့ တောင်တွေပေါ် တက်ပြေးရတယ် “
ထိုးစစ်အစနေ့မှာပင် အောင်မြင်မှုရရှိသည်ဟု ကနီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- KLG PDF – ကျောက်လုံးကြီးက ဖော်ပြထားသည်။
ထိုနေ့ နေ့လယ်ပိုင်းတွင်ပင် စစ်ကောင်စီ၏ ကလေးလေတပ်က Mi-35အပြင် တံတားဦးက တိုက်လေယာဉ် ၂ စင်း တို့ဖြင့် ကနီမြို့ကိုစပြီး လေကြောင်းပစ်ကူပေးခဲ့သည်။
ထို့နောက်စစ်ကောင်စီသည် လေကြောင်းပစ်ကူများအပြင် လေကြောင်းမှတပ်အင်အားပို့ဆောင်မှုများ နေ့စဥ်နီးပါး ပြုလုပ်ခဲ့သည်။
ပျူစောထီးရွာ အင်မထီးရွာမှ လေကြောင်းဖြင့် အင်အားပို့လာသော ထပ်တိုးအင်အား ၁၂၀ ခန့်နှင့် ရေဦးမြို့မှ စစ်ကူလာသော ဘီလူးစစ်ကြောင်း အင်အား ၈၀ ခန့်တို့နှင့်ကာကွယ်ရေးပူးပေါင်းတပ်များ ပြင်းထန်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့သည်။
” စကစ ဘက်က လေကြောင်းပစ်ကူအပြင် လေကြောင်းကနေ အင်အားဖြည့်တာကိုပါမရပ်ဘူး။ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ရောက်လာကြတဲ့အခါ တော်လှန်ရေးအင်အားစုတွေအနေနဲ့ စစ်ကြောင်းခွဲ ရင်ဆိုင်ရတာတွေအပြင် ခဲယမ်းနည်းလာတဲ့ ပြဿနာရှိလာတယ်”
ကနီမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီကလေကြောင်းအင်အားကို အဓိကအသုံးချခဲ့သည်ဟု ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KLG PDF – ကျောက်လုံးကြီးက မျှဝေထားသည် ။
လေကြောင်းမှလာရောက်ချပေးသည့် စစ်ကူတပ်များ၊ မြို့တွင်းရှိ စစ်ကောင်စီတပ်များနှင့် ယင်းမာပင်ခရိုင် ကွပ်ကဲရေး၊ ယင်းမာပင်ခရိုင် တပ်ရင်း (၁၊ ၂၊ ၆၊ ၉၊ ၁၇၊ ၁၈၊ ၂၁၊ ၂၂၊ ၂၃၊ ၂၅၊ ၂၇၊ ၃၀၊ ၃၂)၊ LPDF၊ ဆားလင်းကြီးစစ်ကြောင်း၊ Alpha စစ်ကြောင်း၊ ဒရုန်းတပ်ဖွဲ့များ၊ ကနီမြို့နယ် ပအဖ၊ ပကဖ (ယင်းမာပင်မြို့နယ်၊ ဆားလင်းကြီးမြို့နယ်၊ ပုလဲမြို့နယ်၊ ကနီမြို့နယ်) တို့ တိုက်ပွဲများ နေ့စဥ်ဖြစ်ပွားခဲ့သည်။
” ဘီလူးစစ်ကြောင်းဆိုတဲ့ကောင်တွေရောက်လာတယ်။ သတိထားနေကြတဲ့ကြားထဲက ကာကင်း ၁ ခုကျပြီး အလစ်ဝင်လုပ်ခံရသလို ဖြစ်တာတစ်ကြောင်း၊ ရန်သူ့စစ်ကူက ဘက်ပေါင်းစုံက ရောက်လာတာတစ်ကြောင်းအပြင် ခဲယမ်းနည်းလာတာကြောင့် တော်လှန်ရေးအင်အားစုတွေ နောက်ပြန်ဆုတ်ရတယ်”ဟု ကနီမြို့သိမ်းထိုးစစ်မှ နောက်ဆုတ်လိုက်ရသည်ကို KGL – PDF က ဖော်ပြထားသည်။
ကနီမြို့သိမ်းတိုက်ပွဲတွင် လေယာဉ်ပစ်ကူများကြားထဲကပဲ အခိုင်အမာလုပ်ထားသည့် စစ်စခန်းဘန်ကာအချို့ကို တော်လှန်ရေးရဲဘော်များက ဖြိုချနိုင်ခဲ့ပြီး မြို့ကိုလည်း ၉၀ ရာခိုင်နှုန်းလောက်အထိ သိမ်းနိုင်လာသောကြောင့် စစ်ကောင်စီတပ်ဘက်က လက်နက်ချလာမှုများရှိခဲ့သည်။
“ကိုယ့်ဘက်က ဝိုင်းပြီး ထိန်းထားနိုင်ရာကနေ ကျည်ကုန် တပ်ပျက် ဖြစ်တော့ ကိုယ်က စလုပ်ပြီး ကိုယ်ပြန်ပြေးရသလို ဖြစ်တာပါပဲ ” ဟု ကနီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KLG PDF တာဝန်ရှိသူက ပြောသည်။
ကနီမြို့သိမ်းတိုက်ပွဲသည် မတ်လ ၂ ရက်မှ ၁၂ ရက်ထိကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၄၇ ဦးသေဆုံးပြီး လက်နက် ၁၁ လက်နှင့် ခဲယမ်း၊ ပစ္စည်းများသိမ်းဆည်းရရှိခဲ့သည်ဟု NUG ကာကွယ်ဝန်ကြီးဌာန အမှတ် ၁ စစ် ဒေသက သတင်းထုတ်ပြန်သည်။
တိုက်ပွဲအတွင်း လေကြောင်းမှ Mi-35၊ Jet Fighter တို့ဖြင့် လေကြောင်းတိုက်ခိုက်မှုပေါင်း ၅၄ ကြိမ် တိုက်ခိုက်ခဲ့ပြီး Y-12 ဖြင့် ဗုံးသီးအလုံး ၁၀၀ ကျော် ကြဲချတိုက်ခိုက်ခဲ့ကာ ကာကွယ်ရေးရဲဘော် ၁၁ ဦး ကျဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။
ကာကွယ်ရေးပူးပေါင်းတပ်များ တပ်ဆုတ်သွားချိန်တွင် စစ်ကောင်စီဘက်က မြို့ကိုမီးရှို့ဖျက်ဆီးခဲ့သည်။ အနီးအနားရှိကျေးရွာများကိုလည်း စစ်ကြောင်းထိုးမီးရှို့ပြီး ဒေသခံပြည်သူတချို့အား ဖမ်းဆီးမှုများပြုလုပ်ခဲ့သည်။
ကနီမြို့သည် တိုက်ပွဲများနှင့်စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးမှုကြောင့် သုံးပုံတစ်ပုံခန့်ပျက်စီးနေပြီဟု ဒေသခံများထံက သိရသည်။
ထို့အပြင် ကနီမြို့အနီးရှိ တဇယ်ချောင်ရွာ၌ နေအိမ် ၄၀ ကျော်၊ ညောင်ပင်ဝန်းရွာ၌ အိမ်ခြေ ၁၄၀ ကျော်၊ မင်းကုန်းကျေးရွာ၌ အိမ်ခြေ ၁၀၀ ကျော် စစ် ကြောင်းထိုးမီးရှို့ဖျက်ဆီးခံထားရပြီး ရှမ်းမြောင်းကျေးရွာ၌ ပျက်စီးမှု အခြေအနေမသိရသေးဟု ကနီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KLG PDF တာဝန်ရှိသူက ပြောသည်။
ထပ်မံ၍စစ်ကောင်စီတပ်က ညောင်သူများကျေးရွာကို စစ်ကြောင်းထိုးမီးရှို့ပြီး ညောင်သူများကျေးရွာနှင့် ထူးကျေးရွာက ပြည်သူ ၃၀ ကျော်လည်း ဖမ်းဆီးခံထားရသည်ဟု ၎င်းက ပြောသည်။
” ကျည်မလောက်ရင်တော့ ဒီကောင်တွေ ခုလို လုပ်ချင်တိုင်းလုပ်နေတာ ဆက်ထိုင်ကြည့်နေရမှာပါပဲ။ ခဲယမ်းကလည်း ခရိုင်ကပေးတယ်ဆိုပေမယ့် နင်လား ငါလားဖြစ်တဲ့အချိန်မှာ မလောက်လို့ ကျွန်တော်တို့အဖွဲ့ဆို သက်စောင့်ကျည် ၂,၃၀၀ အကုန်ကုန်ပြီးတဲ့အပြင် တခြားအဖွဲ့က ကျည် ၁,၅၀၀ လောက်ပြန်ချေးထားရတဲ့ အခြေအနေပေါ့ “ဟု ကနီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KLG PDF တာဝန်ရှိသူကပြောသည်။
ခဲယမ်းအခက်အခဲကြောင့် ကနီမြို့မှ ဆုတ်ပေးရပြီးနောက် စစ်ကောင်စီတပ်များက ကျေးရွာများအထိ စစ်ကြောင်းထိုးရှင်းလင်းမည့်အခြေအနေရှိသောကြောင့် ခဲယမ်းများချပေးရန် ခရိုင်တာဝန်ရှိသူများထံ တောင်းခံထားရာ ယနေ့ မတ်လ ၁၈ ရက်ထိ မရရှိသေးဟု သိရသည်။
” ကျွန်တော်တို့ အဖွဲ့မှမဟုတ်၊ အဲ့နားဝန်းကျင်က တော်လှန်ရေးအားကောင်းတဲ့ ရွာတွေနဲ့ တလရတပ်ဖွဲ့တွေ အကူအညီ လိုနေတာကို လူတွေ သတိထားမိရင်ပဲ ကျေးဇူးတင်လှပါပြီ “ဟု ကနီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KLG PDF တာဝန်ရှိသူက ပြောသည်။
ကနီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – KLG PDF တပ်သည် ခဲယမ်းထောက်ပို့အရေးပေါ်အကူအညီလိုအပ်နေသည်ကိုလည်း လွန်ခဲ့သည့် ၃ ရက်က တရားဝင်ဖော်ပြ၍ အကူအညီတောင်းခံထားသေးသည်။
ဓာတ်ပုံ-Department of Information DRPA