ရသေ့တောင်မြို့ကို AA အပြည့်အဝသိမ်းပိုက်
**********
မတ် ၁၇ ၂၀၂၄၊ သံလွင်ခက်။
ရခိုင်ပြည်အတွင်း စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေသော ရက္ခိုင့်တပ်တော်(AA) သည် မတ်လ ၁၇ ရက် ယနေ့တွင် ရသေ့တောင်မြို့အား အပြည့်အဝသိမ်းပိုက်နိုင်သည်ဟု ဒေသခံသတင်းရင်းမြစ်ထံမှ သိရသည်။
AA အနေဖြင့် ရသေ့တောင်မြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းဌာနချုပ်များကို မတ်လ ၁၀ ရက် ညဦးပိုင်းမှစကာ ထိုးစစ်ကို တဆင့်မြှင့်တိုက်ခိုက်နေသည်ဟု မတ်လ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ရသေ့တောင်မြို့တွင် စစ်ကောင်စီ၏ အခြေစိုက်တပ်ရင်းစခန်းများအဖြစ် ခမရ ၅၃၆၊ ၅၃၇၊ ၅၃၈ တည်ရှိသည်။
ရှမ်းပြည်နယ် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များ၏ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း နိုဝင်ဘာလ ၁၃ ရက်တွင် စတင်ခဲ့သည့် ရခိုင်ပြည်တိုက်ပွဲများသည့် ၄ လကျော် ကြာမြင့်လာပြီဖြစ်ပြီး ရက္ခိုင့်တပ်တော်(AA)သည် မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ရမ်းဗြဲ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးနှင့် ချင်းပြည်နယ်အတွင်းမှ ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်နိုင်ခဲ့သည်။
ဓါတ်ပုံ – ရသေ့တောင် – ပုဏ္ဏားကျွန်းလမ်းဆုံတွင်တွေ့မြင်နေရသော AA စစ်သည်များ(AA Info-desk)