ရသေ့တောင်မြို့သိမ်းတိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ခန့် ကိုယ်လွတ်ရုန်းထွက်ပြေး
***************************
(စစ်ကောင်စီ စစ်မှုထမ်းဥပဒေဖြင့်ခေါ်ယူလာသော
ဘင်္ဂလီတပ်သားသစ်များသေဆုံး)
သံလွင်ခက်
မတ် ၁၈ ၊ ၂၀၂၄ ။
ရခိုင်ပြည်၊ ရသေ့တောင်မြို့အခြေစိုက်တပ်ရင်းများကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ဦးခန့်သည် ကိုယ်လွတ်ရုန်းထွက်ပြေးခဲ့ကြသည်ဟု
ရခိုက္ခိုင့်တပ်တော် AA က ယမန်နေ့ညပိုင်း၌ သတင်းထုတ်ပြန်သည် ။
ရသေ့တောင်မြို့အခြေစိုက်တပ်ရင်းများဖြစ်သည့် “ခမရ (၅၃၆)၊ (၅၃၇) နှင့် (၅၃၈)” တပ်ရင်း (၃) ခု
ကို ရက္ခိုင့်တပ်တော် AA က အချိန်၂ ပတ်ခန့်အကြာ ထိုးစစ်ဆင်ခဲ့သည်။
စစ်ကောင်စီဘက်မှ ကြည်း၊ ရေ၊ လေပစ်ကူအမြောက်အမြားဖြင့် အပြင်းအထန်ခုခံနေသည့်ကြားမှ အဆိုပါ တပ်ရင်း (၃) ခုစလုံးကို မတ်လ ၁၇ ရက်၊ ညနေ ၄ နာရီခန့်တွင် အပြီးသတ် သိမ်းပိုက်ရယူနိုင်ခဲ့သည်။
အဆိုပါ ထိုးစစ်ဆင်တိုက်ပွဲအတွင်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ဦးခန့်သည် စစ်သင်္ဘောများဖြင့် ကိုယ်လွတ်ရုန်း ထွက်ပြေးလွတ်မြောက်သွားခဲ့ကြသည်။
သို့သော်လည်း စစ်မှုထမ်းဥပဒေအားခုတုံးလုပ်ပြီး စစ်ကောင်စီမှ လောလောလတ်လတ် စစ်သင်တန်းပေးထားသော ဘင်္ဂလီအချို့၏ အလောင်းများ၊ ရန်သူစစ်ကောင်စီ၏ အလောင်းများ၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်ဟု ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်သည်။
စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်နေသော ရက္ခိုင့်တပ်တော် AA သည်သီးတောင်မြို့အတွင်းရှိ စကခ (၁၅) လက်အောက်ခံ၊ ခမရ (၅၅၂) တပ်ရင်းကိုလည်း အပြီးသတ်သိမ်းပိုက်ရယူရေးအတွက် ထိုးစစ်အား အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
ရက္ခိုင်ဒေသ၌ စစ်ရှုံးကာ မြို့များ တစ်မြို့ပြီးတစ်မြို့ လက်လွှတ်နေရသည့် စစ်ကောင်စီသည် စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများ၊ သာသနိကအဆောက်အအုံများ၊ လမ်းတံတားများ စသည့် ပြည်သူကို ပစ်မှတ်ထားတိုက်ခိုက်သည့် လုပ်ရပ်များကိုသာ ပိုမိုလုပ်ဆောင်လာကာ စစ်ရာဇဝတ်မှုများကို နေ့စဉ်နှင့်အမျှကျူးလွန်လျက်ရှိသည်ဟု ရက္ခိုင့်တပ်တော် AA က ဖော်ပြထားသည်။
စစ်ကောင်စီ၏ ပြည်သူလူထုအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေမှု များကြောင့် အပြစ်မဲ့အရပ်သားပြည်သူတို့၏ဒဏ်ရာရ သေဆုံးမှုများမှာလည်း တစ်ရက်ထက်တစ်ရက် ပိုမိုမြင့်တက်လျက်ရှိသည်ဟု
သိရသည် ။