ထိုင်းနိုင်ငံဖွား ရွှေ့ပြောင်းနှင့်တိုင်းရင်းသားတို့၏ကလေးများ ထိုင်းနိုင်ငံသားဖြစ်ခွင့်ရသင့်ဟု TDRI ဒါရိုက်တာပြော
**************************
သံလွင်ခက်
မတ် ၁၊ ၂၀၂၄။
ထိုင်းနိုင်ငံတွင်ကြုံတွေ့နေရသည့် ကလေးမွေးဖွားနှုန်းကျဆင်းလာသည့်ပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် ရွှေ့ပြောင်းနှင့် တိုင်းရင်းသားလူမျိုးများက ထိုင်းနိုင်ငံတွင်မွေးဖွားခဲ့သည့်ကလေးများအား နိုင်ငံသားပေးသင့်သည်ဟု ထိုင်းနိုင်ငံ ဖွံ့ဖြိုးရေးသုတေသနဌာန – TDRI ၏ ဒါရိုက်တာဖြစ်သူ ဆွမ်ချိုင်း ဂျစ်ဆူချွန်း ကဆိုသည်။
ထိုင်းနိုင်ငံတွင် ယင်းကဲ့သို့သောကလေးငယ်ပေါင်း ၁ သန်းဝန်းကျင်ရှိနေသည်ဟု ဆွန်ချိုင်း ကခန့်မှန်းထားပြီး ထိုင်းမိသားစုများမှာတော့ ကလေး ၁ ဦးသာရှိသော မိသားစုများ သို့မဟုတ် ငွေကြေးဆိုင်ရာဝန်ထုပ်ဝန်ပိုးများ ကြောင့် ကလေးလုံးဝမရှိသောမိသားစုများ ပိုမိုများပြားလာနေသည်ဟုလည်း ၎င်းကပြောသည်။
ယမန်နှစ်အတွင်း ထိုင်းနိုင်ငံ၏ကလေးမွေးဖွားနှုန်းက ၅၀၀,၀၀၀ အထိရှိခဲ့သော် လည်း နောင်လာမည့် ၄ – ၅ နှစ် အတွင်းမှာတော့ ၁၀၀,၀၀၀ အထိကျဆင်းလာနိုင်သည်ဟု ဆွမ်ချိုင်း ဂျစ်ဆူချွန်း ၏ပြောဆိုချက်အရသိရသည်။
ရွှေ့ပြောင်းနှင့် တိုင်းရင်းသားလူမျိုးစုများ၏ သားသမီးများကိုလည်း ထိုင်းကလေးများနည်းတူ ပညာရေး၊ ကျန်းမာ ရေးစောင့်ရှောက်မှုနှင့် အခြားဝန် ဆောင်မှုများရယူနိုင်ရန် ထိုင်းအစိုးရကဆောင်ရွက်ပေးသင့်ပြီး အဆိုပါကလေး ငယ်များ၏ အရည်အသွေးများကိုလည်း ထိုင်းအစိုးရကမြှင့်တင်ပေးသင့်သည်ဟု ၎င်းကပြောသည်။
Mirror Foundation က ဆီဗာနတ် ဆွိုင်သွန်း ကလည်း အဆိုပါကလေးများအား ထိုင်းနိုင်ငံသားဖြစ်ခွင့်ရရန် လမ်း ဖွင့်ပေးထားသည်ဆိုသော်ငြားလည်း လက်တွေ့မှာတော့ ဥပဒေအရပြဿနာများရှိနေသေးပြီး ကလေးငယ်များ သည် ပညာသင်ကြားခွင့်၊ ကျန်းမာရေးဝန်ဆောင်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများဆုံးရှုံးနေရသည်ဟု ပြောသည်။
ယင်းကဲ့သို့သောကလေးများ ရင်ဆိုင်နေရသည့်ပြဿနာများကိုဖြေရှင်းနိုင်ရန်အတွက်လည်း အမျိုးသားလုံခြုံရေး ကောင်စီ၏ ” နိုင်ငံသားဖြစ်ခွင့် အရင်ပေးအပ်ခြင်း” ဟူသောအယူအဆကို သူမအနေဖြင့်ထောက်ခံကြောင်း ပြော ဆိုခဲ့သည်။
လက်ရှိမှာတော့ အဆိုပါကလေးငယ်များသည် ထိုင်းနိုင်ငံ၏သန်းခေါင်စာရင်းတွင် ပါဝင်ခြင်းမရှိသေးသလို မှတ်ပုံ တင်စာရင်းမှာလည်း ထည့်သွင်းထားခြင်းမျိုးမရှိသေးဘဲ ထိုင်းနိုင်ငံသားများနှင့်ကွာခြားသည့် ဂဏန်း ၁၃ လုံးပါ ID ကတ်များကိုသာ ထုတ်ပေးထားသည်။
ထိုင်းနိုင်ငံတွင်မွေးဖွားခဲ့ကြသည့် ရွှေ့ပြောင်းနှင့် တိုင်းရင်းသားလူမျိုး၏ကလေးငယ်အများစုသည် ထိုင်းနိုင်ငံတွင် မွေးဖွားခဲ့သည်ဆိုသော အထောက်အထားစာရွက်စာတမ်းများမရှိသေးသည့်အတွက် ထိုင်းအစိုးရကဖွင့်လှစ်ထား သည့် Grade 9 ကို အခမဲ့တက်ရောက်ရန် လက်လှမ်းမမီနိုင်ဖြစ်နေကြရသည်။
Ref: Thai PBS World
ဓာတ်ပုံ – သံလွင်ခက်
ပုံစာ – ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းစာသင်ကျောင်း။