စစ်တွေမြို့မဈေးကို လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၁၂ ဦးသေ ၈၀ ကျော်ဒဏ်ရာရဟု AA ထုတ်ပြန်
*********************************************************
ယမင်းဖူးပွင့်အောင်
မတ် ၁၊ ၂၀၂၄။
ရခိုင်ပြည်နယ် စစ်တွေမြို့၊ ကိုရီးယားဆိပ်ကမ်းဈေးကို စစ်ကောင်စီ၏ ရေတပ်စစ်သင်္ဘော ၁ စင်းပေါ်က ယမန်နေ့ နံနက်ပိုင်းတွင် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ ပြည်သူ ၁၂ ဦး သေဆုံးခဲ့ပြီး အပြင်းစား ဒဏ်ရာရသူ ၃၁ ဦး၊ အလတ်စား၊ အသေးစားဒဏ်ရာရသူ ၅၀ နီးပါးအထိရှိကာ စုစုပေါင်း ၈၀ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ရက္ခိုင့်တပ်တော် – AA ကထုတ်ပြန်သည်။
ဈေးလူစည်ကားနေချိန်တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အစအနများ လွင့်စင်ကာဒဏ်ရာရရှိ ခြင်းဖြစ်သည်ဟု ဒေသခံ ၁ ဦးက ပြောသည်။
“ဒဏ်ရာ အကြီး၊ အငယ်၊ အသေးစားရတဲ့သူ ၈၀ လောက်ရှိတယ်။ အဓိကက မှန်အစ၊ ပေါက်ကွဲစတွေ ဝင်ကုန်ကြ တာများတယ်” ဟုဆိုသည်။
စစ်တွေမြို့နှင့် ပတ်ဝန်းကျင်အနီးတဝိုက်တွင် တိုက်ပွဲတစုံတရာ ဖြစ်ပွားခဲ့ခြင်းမရှိဘဲ အများပြည်သူလူထု ဈေးရောင်းဈေးဝယ်၊ လူစည်ကားနေသောအချိန်တွင် စစ်ကောင်စီက ယခုကဲ့သို့ လူအစုလိုက်အပြုံလိုက် သေဆုံး စေရန် တမင်တကာရည်ရွယ်ချက်ချက်ရှိရှိ ပစ်ခတ်ခြင်းဖြစ်ပြီး စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန် လိုက်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
စစ်ကောင်စီသည် ရခိုင်ဒေသစစ်မျက်နှာတွင် စစ်ရှုံးနေမှုကိုလက်မခံနိုင်ဘဲ အရှက်ရဒေါသအမျက်ထွက်လျက် လူမျိုးရေးအမုန်းတရားများဖြင့် ပြည်သူကိုပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ လူမျိုးရေးပဋိပက္ခများဖန်တီးခြင်း၊ ဆေးရုံ ဆေးခန်းများ၊ စာသင်ကျောင်းများကိုဗုံးကြဲခြင်း၊ မြို့ရွာရှိဈေးများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ မီးရှို့ခြင်း နှင့် လမ်းတံတားများဖျက်ဆီးခြင်း စသည့်နည်းလမ်းပေါင်းစုံတို့ကို ယခင်ကထက် ပိုမိုလုပ်ဆောင်လာလျက်ရှိသည် ဟုလည်း AA ကဆိုသည်။
အဆိုပါပေါက်ကွဲမှုသည် နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ကို AA က တိုက်ခိုက် ကာ စစ်တွေမြို့၊ ကိုရီးယားဆိပ်ကမ်းဈေးကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု စစ်ကောင်စီ လက်အောက်ခံမီဒီယာ များတွင် ရေးသားဖော်ပြနေကြသည်။
ထိခိုက်ဒဏ်ရာရရှိသူများကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များက သွားရောက် တွေ့ဆုံထောက်ပံ့ပေးခဲ့သည်ဟုလည်း စစ်ကောင်စီထုတ် သတင်းစာများတွင်ပါရှိသည်။
ရခိုင်ပြည်နယ်တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်ကစတင်ခဲ့သည့် တိုက်ပွဲ ၂ လတာအတွင်း အရပ်သားပြည်သူ ၈၁ ဦး သေဆုံးခဲ့ရသည်ဟု ရက္ခိုင့်တပ်တော် – AA ၏ လူသားချင်းစာနာထောက်ထားရေး နှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး – HDCOက ဇန်နဝါရီ ၁၈ ရက်တွင်ထုတ်ပြန်ထားသည်။
ပုံစာ – စစ်တွေမြို့၊ ကိုရီးယားဆိပ်ကမ်းဈေးမြင်ကွင်း။
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3592
YouTube – > https://youtu.be/eEaLA1Cu5r0
Website – > https://thanlwinkhet.net/?p=8038