နေအိမ်မီးရှို့ခံထားရသည့် ကချင်ပြည်နယ်က စစ်ဘေးရှောင်ပြည်သူများ အကူအညီလိုအပ်နေ
**********
ထွယ်
ဖေဖော်ဝါရီ ၁၂၊ ၂၀၂၄။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ နေအိမ်မီးရှို့ခံထားရသော ကချင်ပြည်နယ်၊ မြစ်ကြီးနား – ဖားကန့်လမ်းမကြီးပေါ်ရှိ မအူပင်ရေကာတာကျေးရွာက ဒေသခံပြည်သူများအနေဖြင့် အရေးပေါ်အကူအညီများ လိုအပ်နေသည်ဟု စစ်ရှောင်ပြည်သူများထံက သိရသည်။
အသက် ၄၉ နှစ်အရွယ် မအူပင်ရေကာတာကျေးရွာက အမျိုးသားတစ်ဦးသည် လတ်တလော သူ၏ မိသားစုဝင် ၈ ဦးနှင့်အတူ အသင်းတော်တစ်ခု၏ ဘုရားကျောင်းတွင် မှီခိုနေထိုင်လျက်ရှိသည်ဟု သံလွင်ခက်ကို ပြောသည်။
၎င်းက “ကျွန်တော်တို့ပစ္စည်း ဘာမှပြန်မရတာဆိုတော့ မီးဖိုချောင်သုံး ထမင်းထည့်စားဖို့အသုံးအဆောင်တွေ လိုအပ်နေတာ။ ကျန်းမာရေးအတွက် ဆေးဝါးတွေလည်း လိုနေတာ” ဟု ၎င်းက ပြောသည်။


ဖားကန့်လမ်းမကြီးပေါ်ရှိ ကာမိုင်းမြို့၏ အနောက်ဘက် ၅ မိုင်ခန့်အကွာတွင်ရှိသည့် မအူပင်ရေကာတာကျေးရွာကို စစ်ကောင်စီတပ်က ယခုလ ၇ ရက်တွင် ဝင်ရောက်မီးရှို့ခဲ့သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ မီးရှို့ဖျက်ဆီးမှုများကြောင့် ကျေးရွာအတွင်းရှိ နေအိမ် ၁၉ လုံး မီးလောင်ပျက်စီးခဲ့ပြီး ၁ လုံးသည် လက်နက်ကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ပျက်စီးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများထံက သိရသည်။
မအူပင်ရေကာတာကျေးရွာရှိ အမျိုးသား ၁ ဦးက “ကာမိုင်းကနေ မိုးကာအုပ်ထားတဲ့ကားကြီးက ကျွန်တော်တို့ ရွာကို တည့်တည့်ရောက်လာတာ။ ရောက်ပြီး သေနတ်အကြီးတွေပစ်တယ်။ သေနတ်အသေးတွေလည်းပစ်တယ်။ ရွာသားတွေက ကြောက်ပြီး ဘေးရွာတွေကို ဗရုတ်သုတ်ခ ပြေးကြတာ။ ရွာသားတွေ ရှောင်သွားကြတော့ ရွာကို မီးရှို့ပြီး ချက်ချင်းပြန်ဆင်းသွားကြတယ်” ဟု ဆိုသည်။
စစ်ကောင်စီတပ်များ ပြန်လည်ထွက်ခွာသွားသော်လည်း အဆိုပါကျေးရွာတွင် နေထိုင်သည့် ဒေသခံပြည်သူများအနေဖြင့် ကျေးရွာတွင်း ဝင်ရောက်နေထိုင်ရန် ကြောက်ရွံ့နေသည့်အတွက် ယခုချိန်ထိ ထွက်ပြေးတိမ်းရှောင်နေကြသည်။
ထွက်ပြေးတိမ်းရှောင်နေသည့် ဒေသခံများအတွက် ဆေးဝါးများနှင့် အမျိုးသမီးအသုံးအဆောင်ပစ္စည်းများ အရေးပေါ် လိုအပ်လျက်ရှိသည်ဟု စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးနေသည့် အသက် ၅၂ နှစ်အရွယ် အမျိုးသမီး ၁ ဦးက သံလွင်ခက်ကို ပြောသည်။
၎င်းက “အမျိုးသမီးအတွင်းခံနဲ့ အမျိုးသားအတွင်းခံပစ္စည်းတွေ လိုအပ်နေတယ်။ အင်္ကျီတွေတော့ လျှော်ပြီးတာနဲ့ ပြန်ပြန်ဝတ်တာမျိုး လုပ်နေတယ်။ ဖျားနာတဲ့သူတွေရှိတယ်။ ၁ ယောက်ဆိုရင် ချမ်းဖျားတက်တာ အရမ်းဆိုးလို့ ကျွန်မတို့ ရပ်ကွက်ပတ်ပြီး အထည်တွေစုခဲ့တာ။ အဲဒါတွေ ဝတ်ပေးခဲ့ရတာ။ ဆေးဝါးလည်း ခက်ခဲတယ်” ဟု ပြောသည်။
ကချင်ပြည်နယ်တွင် ၂၀၁၁ ခုနှစ် ဇွန်လက စတင်ပြီး စစ်ကောင်စီတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ များကြား တစ်ကြော့ပြန်တိုက်ပွဲဖြစ်ပွားခဲ့သည့်အတွက် ထွက်ပြေးတိမ်းရှောင်ခဲ့ရသော ကချင်စစ်ဘေးရှောင် အရေ အတွက် ၁ သိန်းကျော်ခန့် ရှိခဲ့သည်။
အဆိုပါ စစ်ဘေးရှောင်ပြည်သူများကို နေရပ်ပြန်ပို့ရန်အစီအစဉ်များ ပြုလုပ်ခဲ့သော်လည်း ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် နေရပ်ပြန်ပို့ရေး အစီအစဉ်များအားလုံး ရပ်ဆိုင်းသွားခဲ့ရသည်။
လက်ရှိ နိုင်ငံအတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် လူဦးရေ ၁ သန်းခွဲခန့်သည် မိမိတို့နေရပ်ကို စွန့်ခွာကာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရပြီး ကချင်ပြည်နယ်က ဒေသခံ ၁ သိန်းကျော်ခန့်သည်လည်း နေရပ်သို့ ပြန် နိုင်ခြင်းမရှိသေးဘဲ ထွက်ပြေးတိမ်းရှောင်နေကြဆဲဖြစ်သည်။