ရခိုင်ပြည်နယ်ရှိ မြို့နယ် ၃ ခုက ဒေသခံ ၉ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးသတ်ဖြတ်
*******************************
သံလွင်ခက်
ဖေဖော်ဝါရီ ၁၂ ၊ ၂၀၂၄။
ရခိင်ပြည်နယ် မြောက်ဦး၊ ရသေ့တောင်နှင့် မင်းပြားမြို့နယ်က ဒေသခံ ၉ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခဲ့သည်ဟု ရက္ခိုင့်တပ်တော် – AA က ဖေဖော်ဝါရီလ ၁၁ ရက်တွင်ထုတ်ပြန်သည်။
မြောက်ဦးအခြေစိုက် ခမရ – ၃၇၈ တပ်ရင်းက ဖမ်းဆီးထားသည့် ဒေသခံ ၇ ဦးနှင့် မင်းပြားအခြေစိုက် ခမရ – ၃၇၉ တပ်ရင်းက ဖမ်းဆီးထားသည့် ဒေသခံ ၂ ဦး သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
မြောက်ဦးမြို့နယ် ဒေသခံများဖြစ်သော ကိုကျော်ဇံဝေ (ခ) ဖိုးလပြည့် (ခ) ရင်ဆို့ ၊ သတင်းသမား ကိုမြတ်သူထွန်း (ခ) ဖိုးသီဟ၊ ကိုကျော်သိန်းလှိုင်၊ ကိုကျော်ဝင်းလှိုင်၊ ကိုကိုညွန့်၊ ကိုဝင်းနိုင်၊ ကိုပြည့်စုံဝင်း တို့အား မြောက်ဦး အခြေစိုက် ခမရ – ၃၇၈ တပ်ရင်း တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့သည်။
ထို့နောက် ၎င်းတို့ ၇ ဦးအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဇန်နဝါရီ ၃၁ ရက်၊ နေ့လယ် ၂ နာရီခန့်အချိန်တွင် ခမရ – ၃၇၈ တပ်ရင်း အချုပ်ခန်းထဲ၌ သေနတ်ဖြင့်ပစ်သတ်ခဲ့ကြပြီး ရုပ်အလောင်းများအား ခမရ – ၃၇၈ တပ်ရင်း ဆေးရုံအနီး ဗုံးခိုကျင်းထဲမြှုပ်ကာ အလောင်းဖျောက်ဖျက်ခဲ့ကြသည်ဟု AA က ထုတ်ပြန်သည်။
ထို့အတူ မင်းပြားအခြေစိုက် ခမရ – ၃၇၉ တပ်ရင်း တပ်ဖွဲ့ဝင်များက ဖမ်းဆီးထားသော ရသေ့တောင်မြို့နယ်က ကိုညီညီအောင် (ခ) အောင်ဇော်ဝင်း နှင့် မင်းပြားမြို့နယ်က ဦးကျော်ညွန့် တို့အား ဇန်နဝါရီလ ၁၉ ရက်၊ ညနေ ၃ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ခမရ – ၃၇၉ အချုပ်ခန်းထဲ၌ သေနတ်ဖြင့်ပစ်သတ်ခဲ့ကြသည်ဟု AA က ထုတ်ပြန် သည်။
ရက္ခိုင့်တပ်တော် – AA အနေဖြင့် စစ်ရာဇဝတ်မှုကျူးလွန်သူများအား ပြစ်မှုနှင့်အညီ ပြစ်ဒဏ်ပေးပြီး တရားမျှတမှု ရရှိအောင် ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။