ရှမ်းပြည်နယ်တောင်ပိုင်းတွင် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၁,၀၀၀ ကျော် ဖမ်းမိ
*********************
ကောင်းချစ်အောင်
ဇန်နဝါရီ ၂၆၊ ၂၀၂၄။
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် အွန်လိုင်းငွေလိမ်လည်မှု(ကျားဖြန့်)လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၁,၀၀၀ ကျော် ဖမ်းဆီးရမိခဲ့သည်ဟုသိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၃ ရက်၌ နမ့်စန်မြို့နယ်ရှိကျေးရွာများတွင် ခိုအောင်းနေကြသည့် တရားမဝင်တရုတ် နိုင်ငံသား ၁,၀၀၀ ကျော်ကို စစ်ကောင်စီနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီးခဲ့ကြသည်ဟု စစ် ကောင်စီဘက်က သတင်းထုတ်ပြန်ထားသည်။
ဖမ်းဆီးရသူများမှာ အမျိုးသား ၁၀၀၂ ဦး၊ အမျိုးသမီး ၃၆ စုစုပေါင်း ၁၀၃၈ ဦးဖြစ်ပြီး အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်)လုပ်ငန်းတွင် အသုံးပြုသည့် Desktop ၄၅ လုံး၊ Laptop ၇ လုံး၊ ဖုန်းမျိုးစုံ ၂၃၇၃ လုံး၊ WiFi စက် ၁၂ လုံး သိမ်းဆည်းရမိသည်ဟု ဆိုထားသည်။
နမ့်စန်မြို့ဝန်းကျင်တွင် တရားမဝင် တရုတ်နိုင်ငံသားများရောက်ရှိနေသည်ဟု သတင်းပေးပို့မှုကြောင့် စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှောင်တခင်စစ်ဆေးရာတွင် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်ဟု စစ်ကောင်စီဘက်က ထုတ်ပြန်ထားသော်လည်း လုံခြံရေးအရအမည်မဖော်လိုသည့် ဒေသခံအမျိုးသား ၁ ဦးကတော့ –
“နယ်စပ်က ကျားဖြန့်လုပ်တဲ့တရုတ်တွေကို ဟိုက ဝရမ်းထုတ်တော့ ဒီက ပြည်သူ့စစ်အဖွဲ့တွေဆီကို တစ်ဖွဲ့ကို ဘယ်နှယောက်ဆိုပြီး ခွဲတမ်းပုံစံမျိုးနဲ့လာနေကြတာ အများကြီးပဲ။ အဲဒါကို ဘာဖြစ်တယ်မသိဘူး။ မနေ့ ကတော့ တပ်နယ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေပေါင်းပြီး သူတို့ နေနေတဲ့ ပြည်သူ့စစ်အဖွဲ့တွေကနေ ပြန်ဖမ်းလိုက်တာ။ နားရိုင်းထဲက ၂၀၀ ကျော်၊ မတ်ကျန်းထဲက ၇၀၀ ကျော် လောက်ရှိမယ်။ အားလုံး ၁,၀၀၀ ကျော်ကိုဆွဲထုတ် သွားပြီး သူတို့တပ်အချုပ်တွေထဲ ခွဲထားတယ် လို့ကြားတယ်” ဟု သံလွင်ခက်ကိုပြောသည်။
စစ်ကောင်စီဘက်ကမူ နိုင်ငံတဝန်းရှိ အွန်လိုင်းငွေလိမ်လည်မှုများပပျောက်ရေး စုံစမ်းစစ်ဆေးရေးအဖွဲ့များဖွဲ့ကာ အရေးယူဆောင်ရွက်လျက်ရှိပြီး အိမ်နီးချင်းနိုင်ငံများနှင့် အမြဲပူးပေါင်းဆောင်ရွက်နေသည်ဟု ဆိုထားသည်။
စစ်ကောင်စီသည် အွန်လိုင်းငွေလိမ်လည်မှုလုပ်ကိုင်နေသူများအား အရေးယူနေသည်ဆိုသော်လည်း တရုတ်နိုင်ငံ ကအလိုရှိနေသည့် ဦးပယ်ဆောက်ချိန် အပါအဝင် အဓိကကျားဖြန့်တရားခံများကို လောက်ကိုင်မြို့ကတဆင့် နမ့်စန်မြို့ကို ရဟတ်ယာဉ်ဖြင့်ခေါ်ဆောင်လာပြီး နမ့်စန်ရှိစစ်ကောင်စီလေတပ်နှင့် တပ်စခန်းများတွင် လုံခြုံရေး အင်အားအပြည့်ဖြင့် နေထိုင်ခွင့်ပေးထားသည်ဟုလည်း သတင်းများထွက်ပေါ်နေသည်။
ထိုသို့သတင်းများထွက်လာပြီးနောက်မှာတော့ စစ်ကောင်စီက ရှမ်းပြည်နယ်တောင်ပိုင်းရှိ အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်)လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၁,၀၀၀ ကျော်ကို ဖမ်းဆီးရမိခဲ့သည်ဟု သတင်းထုတ်ပြန်လာသည်ကို တွေ့ရသည်။