စစ်ကောင်စီက အမေရိကန်ဒေါ်လာမသုံးစွဲလိုသည့်နိုင်ငံများနှင့် ဆက်ဆံရေးတိုးမြှင့်နေ
**********************
ကောင်းချစ်အောင်
ဇန်နဝါရီ ၁၉ ၊ ၂၀၂၄။
ယခုရက်ပိုင်းအတွင်း စစ်ကောင်စီသည် အိန္ဒိယ၊ ရုရှား၊ အီဂျစ် စသည့် BRICS အဖွဲ့ဝင်နိုင်ငံများ၏ သံအမတ်များ နှင့်တွေ့ဆုံကာ အကျိုးတူစီးပွားရေလုပ်ငန်းများလုပ်ဆောင်၍ ဆက်ဆံရေးတိုးမြှင့်လာခဲ့သည်။
အမေရိကန်အပါအဝင် အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှုဒဏ်ကို ဆက်တိုက်ခံနေရသောကြောင့် ဒေါ်လာ ရှားပါးမှုပြဿနာနှင့်ရင်ဆိုင်နေရသည့် စစ်ကောင်စီသည် အမေရိကန်ဒေါ်လာအသုံးပြုမှု လျှော့ချမည်ဟု ပြောဆို ထားသော BRICS အဖွဲ့ဝင်နိုင်ငံများနှင့် ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းကတည်းက ချိတ်ဆက်ဆောင်ရွက်လာသည်ကို တွေ့ရသည်။
တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ဘရာဇီး၊ တောင်အာဖရိက နိုင်ငံ ၅ နိုင်ငံပါဝင်သည့် BRICS အဖွဲ့သည် ကုန်သွယ်ရေး ဆိုင်ရာကိစ္စရပ်များတွင် အမေရိကန်ဒေါ်လာ အသုံးပြုခြင်း လျှော့ချရန်ရည်ရွယ်ချက်ဖြင့် ၂၀၀၉ ခုနှစ်တွင် နိုင်ငံပေါင်း ၅ နိုင်ငံဖြင့် စတင်ဖွဲ့စည်းခဲ့သည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် အဆိုပါ BRICS အဖွဲ့သို့ အီဂျစ်၊ အီရန်၊ အီသီယိုးပီးယားနှင့် ယူအေအီးနိုင်ငံများ ကလည်း အဖွဲ့ဝင်အဖြစ် ဝင်ရောက်လာခဲ့သည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၇ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး Mr. Iskander Azizov ဦးဆောင်သောအဖွဲ့ နေပြည်တော်ကိုလာရောက်ခဲ့ပြီး စစ်ကောင်စီတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံအတွင်း ရေနံချက်စက်ရုံတည်ဆောက်နိုင်ရန် ဆွေးနွေးတိုင်ပင်ခဲ့ကြသလို ၂ နိုင်ငံ စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်သွားမည်ဟုလည်း သိရသည်။
ဇန်နဝါရီ ၁၆ ရက်ကလည်း အိန္ဒိယသံအမတ်ကြီးနှင့် စစ်ကောင်စီတာဝန်ရှိသူများ တွေ့ဆုံခဲ့ရာတွင် လူ့ စွမ်းအား အရင်းအမြစ်အပါအဝင် နှစ်ဖက်အကျိုးရှိစေမည့်ကဏ္ဍများတွင် ပိုမိုပူးပေါင်းဆောင်ရွက်သွားရေး၊ နှစ်နိုင်ငံအကြား ဆောင်ရွက်လျက်ရှိသည့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံကိန်းများ တိုးမြှင့်ဆောင်ရွက်သွားရေး ဆွေးနွေးခဲ့ကြသည် ဟု စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။
ယမန်နေ့ကလည်း ဘရာဇီး၊ အီဂျစ်နိုင်ငံတို့နှင့် သံတမန်ဆက်ဆံရေးတိုးမြှင့်သည့်အနေဖြင့် သံအမတ်များ ခန့်အပ် ပွဲကို နေပြည်တော်တွင်ပြုလုပ်ခဲ့ပြီး စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်မှုနှင့် ပညာရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက် သွားရေး ဆွေးနွေးခဲ့သည်ဟု သိရသည်။
ဓာတ်ပုံ – စစ်ကောင်စီ။
ပုံစာ – ဇန်နဝါရီ ၁၈ ရက်တွင် အာဏာသိမ်းစစ်ခေါင်းဆောင်က အီဂျစ်သံအမတ်ကြီးကို ခန့်အပ်လွှာပေးအပ်စဉ်။