သဇင်
ဇန်နဝါရီ ၁၆ ၊ ၂၀၂၄။
ပဲခူးတိုင်း ၊ ဝေါမြို့နယ်၊ အုတ်ဖို (၃) ကျေးရွာထိပ်ရှိ ပျူစောထီးကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ် များက ယမန်နေ့ ဇန်နဝါရီလ ၁၅ ရက်၊ ည ၉ နာရီခွဲခန့်တွင် ဝင်ရောက်ပစ်ခတ်ခဲ့သည်ဟု ဝေါမြို့နယ် – ပြည်သူ့ ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
အဆိုပါပစ်ခတ်မှုဖြစ်စဉ်တွင် အသက် ၅၀ ကျော်အရွယ် ပျူစောထီးခေါင်းဆောင် ၁ ဦးသေဆုံးပြီး ၃ ဦး အရှင်ဖမ်း မိကာ လက်နက် ၂ လက်လည်းသိမ်းဆည်းရရှိခဲ့သည်ဟု ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံက သံ လွင်ခက် ကို ပြောသည်။
“သူတို့တွေက ပျူစောထီးတွေစဖွဲ့တဲ့အချိန်မှာ တောင်ငူတပ်မှာ စစ်သင်တန်းသွားတက်ထားတဲ့သူတို့က ပြည်သူ တွေကို မသင်္ကာရင် စစ်တပ်ကိုချွန်တယ်။ PDF တွေဝင်နိုင်တဲ့ လမ်းကြောင်းတွေလိုက်ပြတယ်။ ရွာမှာရှိတဲ့ လောင်း ကစားဝိုင်းတွေကို သူတို့ကဦးဆောင်ပြီးတော့ စစ်တပ်ကို ပြန်ထောက်ပံ့တယ်။ သွားရောက်တိုက်ခိုက်တဲ့ အချိန်မှာ ၇ ဦးလောက်ရှိတယ်။ ဖမ်းမိတဲ့ပျူစောထီး ၃ ဦးကို KNU လက်ထဲအပ်ထားတယ်။ သူတို့က ဥပဒေအတိုင်းဆောင် ရွက်လိမ့်မယ်” ဟု ဆိုသည်။
အဆိုပါဖြစ်စဉ်ဖြစ်ပြီးနောက် ည ၁၁ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့်ရောက်ရှိ လာပြီး အုတ်ဖို ၃ ရွာရှိ ဝေါမြို့နယ် NLD အမျိုးသမီးရေးရာဥက္ကဋ္ဌနေအိမ်အား မီးရှို့ဖျက်ဆီးသွားပြီး ဒေသခံ ၆ ဦးကို လည်း ဖမ်းဆီးသွားသည်ဟု ၎င်းကဆက်ပြောသည်။
ယင်းအပြင် အုတ်ဖိုကျေးရွာအုပ်စုရှိ ပျူစောထီးအဖွဲ့ကိုတိုက်ခိုက်ခဲ့ပြီးနောက် ည၁၁ နာရီခန့် မှ မနက်၂ နာရီခွဲ အတွင်း စစ်ကောင်စီတပ်က အုန်းတောဘုန်းကြီးကျောင်းအနောက်ဘက်နေရာမှ ၈၁ မမ လက်နက်ကြီး ၇ လုံး ပစ် ခတ်ခဲ့ပြီး စစ်တောင်းမြစ်အတွင်း ၂ လုံးကျရောက်ပေါက်ကွဲကာ မုက္ခမော့ဘုရားအနီး ၃ လုံး ကျရောက်ပေါက်ကွဲခဲ့ သည်ဟု သိရသည်။
လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် နွား ၃ ကောင် လက်နက်ကြီးစထိမှန်သေဆုံးခဲ့ပြီး အဆောက်အအုံနှင့် လူထိခိုက်ဒဏ်ရာရရှိခြင်းမရှိဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များကပြောသည်။
အုတ်ဖို ၃ ကျေးရွာသည် စစ်ကောင်စီတပ်များအထိုင်ချထားသည့် တနော်ကျွန်း၊ လက်ပန်၊ မြစ်ကျိုးစခန်းများနှင့် ၁ မိုင်ဝန်းကျင်သာဝေးကွာပြီး ထိုတိုက်ခိုက်မှုကို ပဲခူးခရိုင်တွင်းရှိ မြို့နယ် ၅ မြို့နယ်ဖြစ်သည့် ဝေါ၊ ကဝ၊ ဒိုက်ဦး၊ သနတ်ပင်၊ အင်းတကော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ဓာတ်ပုံ – CJ။
ပုံစာ – ဖမ်းဆီးမိခဲ့သည့်ပျူစောထီး ၃ ဦးနှင့် သိမ်းဆည်းရရှိခဲ့သည့်လက်နက်များ။