သဇင်
ဇန်နဝါရီ ၁၆၊၂၀၂၄။
ရက္ခိုင့်တပ်တော်သိမ်းပိုက်ရရှိထားသောနယ်မြေများကို စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် လေကြောင်းတိုက် ခိုက်မှုများပြုလုပ်ခဲ့သည့်အတွက် ဇန်နဝါရီလ ၁၅ ရက် တစ်ရက်အတွင်း အရပ်သားပြည်သူ ၆ ဦး သေဆုံး၍ နေအိမ် ၈၀ ကျော် မီးလောင်ပျက်စီးခဲ့သည်ဟု ညီနောင် ၃ ဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။
ဇန်နဝါရီလ ၁၅ ရက်၊ နံနက် ၉ နာရီအချိန်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၅၀ ကျော်သည် စစ်တွေမြို့နယ်၊ တောကန်ကျေးရွာကို လက်နက်အင်အားအပြည့်အစုံဖြင့်ဝင်ရောက်လာပြီး အသက် ၇၀ ကျော်အရွယ် ဒေသခံ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့အား သေနတ်ဖြင့်ပစ်သတ်ခဲ့ပြီး နေအိမ်များကိုပါ မီးရှို့ဖျက်ဆီးခဲ့သည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ မီးရှို့ဖျက်ဆီးမှုများကြောင့် အဆိုပါကျေးရွာတွင်းရှိ နေအိမ်အလုံးပေါင်း ၈၀ ကျော် မီးလောင်ပြာကျခဲ့ရသည်ဟု သိရသည်။
ထိုနည်းတူ ဇန်နဝါရီလ ၁၅ ရက် နံနက် ၁၁ နာရီကျော်အချိန်တွင်လည်း မြောက်ဦးမြို့အခြေစိုက် စစ်ကောင်စီ၏ ခမရ – ၃၇၇ နှင့် ခမရ – ၃၇၈ တပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အဆိုပါတပ်ရင်းအနီးရှိ ဘောင်းဒွတ် ကျေးရွာကိုဝင်ရောက်လာခဲ့ပြီး လူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။
နေ့လယ် ၂ နာရီခွဲအချိန်ခန့်ကလည်း ပလက်ဝမြို့နှင့် အနီးပတ်ဝန်းကျင်အား ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက် ခိုက်မှုပြုလုပ်ခဲ့သည့်အတွက် ကျီးလေကျေးရွာအနီးတွင် ဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့သဖြင့် အသက် ၅ နှစ် အရွယ် စစ်ဘေးရှောင်ကလေးငယ် ၁ ဦး အပါအဝင် ဒေသခံအမျိုးသား ၃ ဦး ဗုံးစထိမှန်သေဆုံးခဲ့ပြီး အမျိုးသား ၁ ဦး နှင့် အမျိုးသမီး ၂ ဦး ဗုံးစထိမှန်ကာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ စစ်ကောင်စီတပ်များသည် ပေါက်တောမြို့နယ်တွင်လည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ပစ် ခတ်တိုက်ခိုက်ခဲ့သည်။
ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီ၏စစ်ရေးအရအရေးပါသည့် စခန်းကုန်းများနှင့် တပ်စခန်းကြီး၊ တပ်စခန်းငယ် များကို ရက္ခိုင့်တပ်တော် – AA က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ ယနေ့တွင်လည်း မင်းပြား၊ ကျောက်တော်နှင့် ရသေ့တောင်မြို့နယ်များရှိ စစ်ရေးလှုပ်ရှားရာနယ်မြေအချို့တွင် စစ်ကောင်စီနှင့် နှစ်ဖက်ရင်ဆိုင်တိုက်ပွဲများ ပြင်းထန်နေသည်ဟု သိရသည်။
ရမ်းဗြဲနှင့် ကျောက်ဖြူမြို့နယ်တို့တွင်လည်း စစ်ကောင်စီသည် လေကြောင်း၊ ရေကြောင်းတို့က လက်နက်အင် အားနှင့် လူအင်အားဖြည့်တင်းလျက်ရှိပြီး အရပ်သားပြည်သူများအား ပစ်မှတ်ထားတိုက်ခိုက်မှုများ၊ မတရားဖမ်းဆီးမှုများလုပ်ဆောင်လျက်ရှိသည်။
ဓာတ်ပုံ – AA Info Desk