ကောင်းချစ်အောင်
ဇန်နဝါရီ ၁၆ ၊ ၂၀၂၄။
ပြီးခဲ့သည့် ၇ ရက်အတွင်း ရန်ကုန်၊ မန္တလေး၊ နေပြည်တော်အပါအဝင် မြို့ကြီး ၃၀ ကျော်တွင် မျိုးချစ်သံဃာ တော်များဦးဆောင်သည့် ဗုဒ္ဓဘာသာလှုပ်ရှားမှုများ ပေါ်ပေါက်ခဲ့သည်။
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် – MNDAA ယူနီဖောင်းဝတ်ဆင်ထားသည့် တပ်သား ၁ ဦးက တောင်ကုန်းတစ်ခုပေါ်ရှိစေတီတစ်ဆူကို သံတူဖြင့်ထုရိုက်ဖျက်ဆီးနေသည့် ဗီဒီယိုဖိုင်တစ်ဖိုင် ဇန်နဝါရီ ၈ ရက်က စတင်ကာ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့လာခဲ့ပြီးနောက် ဇန်နဝါရီ ၉ ရက်တွင် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်း က နယ်မြေလုလာသည့်အပြင် ဘာသာရေးကိုပါထိခိုက်လာသည့် လက်နက်ကိုင်အဖွဲ့များကို လက် တုံ့ပြန်သွားမည်ဟု ပြောဆိုခဲ့သည်။
ယင်းသို့ပြောဆိုပြီးနောက် အဆိုပါ ဇန်နဝါရီ ၉ ရက် နေ့လယ်ပိုင်းတွင် မန္တလေးမြို့၌ မျိုးချစ်သံဃာတော်များ အပါအဝင် အင်အား ၇၀၀ ခန့် စုဝေးခဲ့ကြပြီး ဗုဒ္ဓဘာသာဝင်များ၏ ကိုးကွယ်အထွတ်အမြတ်ထားရာ ဘုရား၊ စေတီ၊ ဆင်းတုတော်များကိုဖျက်ဆီးနေသော “ပြည်ဖျက်မိစ္ဆာသောင်းကျန်းသူများအား ဆန့်ကျင်ကြ” ၊ “မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်တိုင်းရင်းသားများကိုးကွယ်နေသည့် ဘုရား၊ စေတီများအား ဖျက်ဆီးသူအကြမ်းဖက်သမားများအား ဆန့်ကျင်ကြ”ဟူသော ဗီနိုင်းများကိုင်ဆောင်၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ဇန်နဝါရီ ၁၀ ရက်တွင်လည်း မျိုးချစ်သံဃာတော်များဦးဆောင်သော အင်အား ၁၀၀၀ ဝန်းကျင်သည် ရန်ကုန်မြို့၊ ဆူးလေဘုရားလမ်းရှိ သမ္မတရုပ်ရှင်ရုံရှေ့မှ မဟာဗန္ဓုလပန်းခြံရှေ့သို့ ၊ နေ့လယ် ၁ နာရီခွဲမှစတင်ကာ ချီတက်ဆန္ဒ ပြခဲ့ကြသေးသည်။
နွေဦးတော်လှန်ရေးအစောပိုင်းကာလတွင် ကျည်အစစ်ဖြင့်ပြည်သူကိုပစ်ခတ်ခဲ့ရာတွင် အစောဆုံးနှင့် ပထမဦးဆုံး ဖြစ်ခဲ့သည့် နေပြည်တော်မြို့တွင်လည်း မျိုးချစ်ဆိုသူများ၏ ဘာသာရေးလှုပ်ရှားမှုများ ပြန်လည်ကျင်းပခွင့် ရလာခဲ့သည်။
ဇန်နဝါရီ ၁၂ ရက် နေပြည်တော်မြို့ဆန္ဒပြပွဲကို မြန်မာ့အမျိုးသားရေးကွန်ရက်နှင့် မြန်မာနေရှင်နယ်ပို့စ်သတင်း ဌာနတည်ထောင်သူ နောင်တော်လေး ကဦးဆောင်ခဲ့ပြီး မျိုးချစ်ရဟန်းတော်များသမဂ္ဂကသံဃာတော်များ ပါဝင်ခဲ့ကြသည်။
အဆိုပါဆန္ဒပြပွဲတွင် မျိုးသာကီအရှင်ပုညဆရာတော်က “ကိုးကွယ်နေတဲ့ ဘုရားကျောင်းဆောင်တွေ၊ ဘုရားဆင်း တုတော်တွေ ပျောက်ကုန်မယ်။ အမျိုး၊ ဘာသာ၊ သာသနာအရေးကို သွေးမအေးကြနဲ့”ဟု ပြောဆိုခဲ့သည်။
အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ မုံရွာမြို့၊ တပ်မ ၈၈ ဌာနချုပ်တည်ရှိရာ မကွေးမြို့၊ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်တည်ရှိရာ ကျိုင်းတုံမြို့၊ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ လားရှိုးမြို့၊ ဒေသကွပ်ကဲ မှုစစ်ဌာနချုပ်တည်ရှိရာ ပြည်မြို့စသည့် စစ်ကောင်စီထောက်ခံသူများသော မြို့များတွင်လည်း MNDAA တပ်သား ၏လုပ်ရပ်အပေါ် ရှုတ်ချသောဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့သည်။
ယနေ့တွင်လည်း လင်းခေး၊ လွိုင်လင်နှင့် ပြင်ဦးလွင်မြို့များတွင် ဘာသာရေးလှုပ်ရှားမှုများ ဆင်နွှဲခဲ့ကြသည်ဟု စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များတွင် ဖော်ပြထားသည်။
စေတီကိုဖျက်ဆီးခြင်းသည် အဖွဲ့အစည်းကအမိန့်ပေးခြင်းမဟုတ်ဘဲ ပုဂ္ဂိုလ်ရေးအရလုပ်ရပ်သာဖြစ်သည်ဟု MNDAA က ထုတ်ပြန်ချက်ထုတ်ပြီးဖြေရှင်းထားသလို မြန်မာပြည်သူလူထုကိုလည်း MNDAA က တောင်းပန်ထား သည့်အပြင် လောက်ကိုင်မြို့၊ မြောက်ဘက် ပွိုင့် ၂၂၀၂ တောင်ကုန်းပေါ်ရှိ စေတီတော်ကို သံတူဖြင့်ထုကာ ဖျက် ဆီးခဲ့သည့် တပ်သားကိုလည်း အမိန့်မနာခံမှုဖြင့် အရေးယူသွားမည်ဟု အသိပေးထားသည်။
Photo – စစ်ကောင်စီ Telegram Channel