ယမင်းဖူးပွင့်အောင်
ဇန်နဝါရီလ ၁၆၊ ၂၀၂၃။
ရှမ်းပြည်နယ်မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ ထိန်းချူပ်လှုပ်ရှားရာ နယ်မြေဒေသများတွင် အပစ်အခတ်ရပ်စဲပြီးနောက် စစ်ကောင်စီနှင့်ထိတွေ့တိုက်ပွဲများမရှိခဲ့သော်လည်း စစ်ကောင်စီက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်နေသည်ဟု သိရသည်။
၁၀၂၇ စစ်ဆင်ရေး ၈၁ ရက်မြောက်နေ့ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် အရပ်သားပြည်သူများနေထိုင်ရာ မြို့၊ ရပ်ရွာများသို့ စစ်ကောင်စီက လက်နက်ကြီး၊ ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုများအပြင် လေကြောင်းတိုက်ခိုက်မှုများကိုလည်း ဆက်လက်ပြုလုပ်ခဲ့သည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားသည်။
ကျောက်မဲမြို့နယ် ပါးပုတ်ကျေးရွာသို့ လက်နက်ကြီး ၄ ကြိမ်၊ နောင်ချိုမြို့နယ် သုံးဆယ်ကျေးရွာသို့ လက်နက်ကြီး ၃ ကြိမ်နှင့် Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် ကွတ်ခိုင်မြို့နယ်ရှိ မိုင်းယုလေး၊ လွယ်ကန်နှင့် လွယ်ကုန်ကျေးရွာအနီးတစ်ဝိုက်သို့လည်း လေကြောင်းဖြင့် ၁ ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ထို့အပြင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ရှိရာ ကျောက်မဲ၊ မိုးကုတ်နှင့် လားရှိုးမြို့နယ်များသို့လည်း စစ်ကောင်စီ၏ တပ်စခန်းများမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုများ ယခင်ရက်များအတိုင်း ဆက်လက်ရှိနေခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။
ရှမ်းမြောက်ဒေသတွင် စတင်ဆင်နွှဲခဲ့သည့် ညီနောင်မဟာမိတ် (၃) ဖွဲ့၏ စစ်ဆင်ရေးသည် နှစ်လကျော်ကာလသို့ ရောက်ရှိလာပြီဖြစ်ပြီး နှစ်လကျော်ကာလအတွင်း မိမိတို့ ကြိုးစားအားထုတ်မှုနှင့်အညီ ထိုက်တန်သည့် စစ်ရေး၊ နိုင်ငံရေးရည်မှန်းချက်အချို့ကို ရယူနိုင်ခဲ့ပြီး သိမ်းပိုက်ရယူထားခဲ့သည့် နယ်မြေများ၌ မိမိတို့၏ အုပ်ချုပ်စီမံရေးယန္တရားများ သက်ဝင်လည်ပတ်အောင် ဆက်လက်ဆောင်ရွက်လျက်ရှိသည်ဟုလည်းဖော်ပြထားသည်။
ရှမ်းမြောက်၌ ဖြစ်ပွားနေသည့် စစ်ရေးအခြေအနေများနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ ကြားဝင်ညှိနှိုင်းပေးမှုဖြင့် ရှမ်းမြောက်တွင် ယာယီအပစ်ရပ်စဲရေး နှစ်ဖက်သဘောတူညီမှု ရရှိခဲ့သည်ဟု ညီနောင် ၃ ဖွဲ့က ထုတ်ပြန်သည့်အပြင် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း အပစ်ရပ်သဘောတူညီမှု ရရှိခဲ့သည်ဟု ထုတ်ဖော်ပြောကြားထားသည်။
Photo-PSLF/TNLA