ပြင်ဦးလွင်စစ်ဆေးရုံတွင် အလောင်းများပုံထပ်နေပြီး အသုဘချမှုများ များပြားနေ
********************
ကောင်းချစ်အောင်
ဇန်နဝါရီ ၁၀၊ ၂၀၂၄။
ပြင်ဦးလွင်စစ်ဆေးရုံတွင် အလောင်းများပုံထပ်နေပြီး သုသာန်များတွင် အသုဘချမှုများလည်း များပြားနေသည်ဟု ဒေသခံသတင်းအရင်းအမြစ်များထံက သိရသည်။
ယခုရက်ပိုင်းအတွင်း ပြင်ဦးလွင်ခရိုင်၊ ကျောက်မဲလေးရွာအနီး တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – TNLA၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ဆက်တိုက်ပြင်းထန်နေခြင်းဖြစ်သည်။
အခြားမြို့များက ဒဏ်ရာရစစ်သားများ ပြင်ဦးလွင်စစ်ဆေးရုံတွင် လာရောက်ကုသနေကြရသလို အသုဘချမှုများ လည်းများပြားနေသောကြောင့် သုသာန်များ၏ အသုဘချချိန်ကို အချိန်ခွဲခြားသတ်မှတ်နေရသည်ဟု မေမြို့ သပိတ်အင်အားစုက ရဲဘော် Saw Shar က သံလွင်ခက်ကို ပြောသည်။
“မေမြို့ စစ်ဆေးရုံးမှာတော့ အပုံလိုက်ကြီးပဲ။ တခြားမြို့ကစစ်သားတွေလည်း မေမြို့စစ်ဆေးရုံမှာလာကုနေတာ။ မေမြို့ ၈မိုင်ကုန်းမှာ အသုဘလာချတာ အလောင်းအများအပြားနဲ့ ဗိုလ်မှူး ၆ ယောက် ကျော်တယ်။ အမိန့်စာပြန် ပေးနေတာ။ အသေများလို့ ပြည်သူနဲ့စစ်တပ် အချိန်ခွဲချလိုက်တယ်။ နေ့လယ် ၁၂ နာရီကို နောက်ဆုံးထားပေး တယ်လို့သိရပါတယ်”ဟု ဆိုသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂ ရက်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် မဟာမိတ် တအာင်းအမျိုး သားလွတ်မြောက်ရေးတပ်မတော် – TNLA ပူးပေါင်းတပ်ဖွဲ့များက နောင်ချိုမြို့နယ်၊ သံဘိုကျေးရွာရှိ စစ်ကောင်စီ အခြေစိုက်စခန်းကို ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့သည်။
အဆိုပါစခန်းသည် ပြင်ဦးလွင်မြို့နှင့် ၁၅ မိုင်အကွာခန့်တွင် တည်ရှိပြီး မြို့ခံစစ်အတွက် အရေးပါသည့်စခန်းတစ်ခု ဖြစ်သည်ဟု စစ်ရေးအကဲခတ်များက ဆိုသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွင် ၁၀၂၇ စစ်ဆင်ရေးစတင်ချိန်ကစ၍ စစ်ကောင်စီက ပြင်ဦးလွင်နှင့် နောင်ချို မြို့နယ်အစပ် တောင်ကုန်းနေရာများတွင် တပ်အင်အားဖြည့်တင်းကာ ခံစစ်ပြင်ဆင်ထားသလို မြို့အဝင်အထွက် လုံခြုံရေးတင်းကြပ်ထားပြီး မြို့တွင်းအစစ်အဆေးလည်း များနေသည်ဟု မြို့ခံအမျိုးသား ၁ ဦးက ပြောသည်။
” မိုးကြိုးပစ်ဂိတ် အ၀င်အထွက်စစ်တယ်။ ၀က်ဝံဂိတ်ဘက်ကနေ စစ်ဘေးရှောင် အ၀င်မခံဘူး။ ရှမ်းပြည်ကနေ မေမြို့ကို၀င်လာရင် မြင်ရနိုင်တဲ့ ဗျူဟာကုန်းနေရာတွေမှာ လက်နက်အပြည့်၊ လူအင်အားအပြည့်ချထားတယ်လို့ တပ်တွင်းကနေ ကြားသိရတာမျိုးရှိတယ်” ဟု ဆိုသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၂ ရက်က ကျင်းပပြုလုပ်ခဲ့သည့် ပြင်ဦးလွင်စစ်တက္ကသိုလ် – DSA ဗိုလ်လောင်းသင်တန်းဆင်းပွဲ အခမ်းအနားကိုလည်း အာဏာသိမ်းစစ်ခေါင်းဆောင် ခိုးကြောင်ခိုးဝှက်လာရောက်ခဲ့ပြီး တိုက်ရိုက်ထုတ်လွှင့်ရာမှာ လည်း ရက်စွဲလိမ်လည်ကာ ဒီဇင်ဘာ ၈ ရက်တွင်မှ စစ်ကောင်စီထိန်းချုပ်မီဒီယာများတွင် ဖော်ပြခဲ့သည်။
ဓာတ်ပုံ – မေမြို့ပင်မ အထွေထွေသပိတ်အင်အားစု။