လောင်းလုံးမြို့ ကျေးရွာတချို့ရှိနေအိမ်များတွင် မိုင်းထောင်ထားကြောင်း ကောလာဟလများထွက်ပေါ်
****************
သဇင်
ဇန်နဝါရီ ၂ ၊ ၂၀၂၄။
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့အတွင်းရှိ ကျေးရွာတချို့၏နေအိမ်များတွင် မိုင်းများတပ်ဆင်ထားသည်ဟူသော ကောလာဟလများထွက်ပေါ်နေသည်ဟု ဒေသခံများထံက သိရသည်။
ဒီဇင်ဘာ၂၇ ရက် မနက်အစောပိုင်းကတည်းက စစ်ကောင်စီစစ်ကြောင်းသည် လောင်းလုံးမြို့အတွင်းရှိ ကညုံကျွန်းရွာကို ကုန်းလမ်း၊ ရေလမ်းများဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာပြီး ရွာအတွင်းရှိ ဘုန်းကြီးကျောင်းတွင် တပ်စွဲကာ ဒေသခံများကိုလည်း ဖမ်းဆီးခေါ်ဆောင်ခဲ့သည်။
ယင်းနောက် ဒီဇင်ဘာ၂၈ ရက်တွင် စစ်ပြဲကျေးရွာကိုဝင်ရောက်ခဲ့ပြီးနောက် စစ်ပြဲကျေးရွာမှ လေးသွန်းခံကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိနာခဲ့သည်။
အထိနာခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းသည် ထိုနေ့တစ်ရက်တည်းတွင်ပင် စစ်ပြဲရွာနှင့် လေးသွန်းခံရွာရှိ နေအိမ်များကိုမီးရှိ့ဖျက်ဆီးခဲ့ပြီး ဒေသခံလူငယ် ၁ ဦးကိုလည်း သတ်ဖြတ်ခဲ့သည်ဟု ဒေသခံအမျိုးသမီး ၁ ဦးက ဆို သည်။
လောင်းလုံးဒေသခံအမျိုးသမီး ၁ ဦးက “တစ်နေ့တည်းမှာပဲ စစ်ပြဲရော လေးသွန်းခံရော အိမ်ခြေ ၂၁ ဆောင် မီးရှို့ ဖျက်ဆီးခဲ့တယ်။ အဲ့ချိန်မှာ ပစ်ခတ်သံကြားလို့ အိမ်ထဲက ထွက်ပြေးလာတဲ့ ကျမ်းမာရေးမကောင်းတဲ့ လူငယ် ၁ ယောက် စစ်ကြောင်းနဲ့တိုးမိလို့ စစ်သားတွေကဖမ်းပြီး ခေါင်းဖြတ်သတ်လိုက်တယ်” ဟု ဆိုသည်။
ယင်းနောက် ဒေသအခြေစိုက်ကာကွယ်ရေးတပ်ဖွဲ့များက ဒေသခံပြည်သူများ အသုံးပြုမှုနည်းပါးသည့်လမ်းများ တွင် မိုင်းများထောင်ထားရာကနေ နေအိမ်များတွင်မိုင်းထောင်ထားသည်ဟူသော သတင်းအမှားများ ထွက်ပေါ် လာရခြင်းဖြစ်သည်ဟု ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူ ၁ ဦး က ပြောသည်။
“အဲ့ချိန်မှာ ကာကွယ်ရေးရဲဘော်တွေက အိမ်ခြေပြတ်တဲ့လမ်းမှာ မိုင်းတွေ ထောင်ထားခဲ့တယ်။ ပြည်သူတွေက ကြောက်စိတ်များပြီး ငါ့ရွာမှာမလုပ်နဲ့၊ သူ့ရွာမှာမလုပ်နဲ့ဖြစ်နေကြတော့ ကာကွယ်ရေးရဲဘော်တွေက မိုင်း တွေပြန်ပြီး လိုက်ဖြုတ်သိမ်းလိုက်ပါတယ်။ ကောလာဟလစကားအရတော့ အိမ်တွေမှာ မိုင်းထောင်သလို ဖြစ်သွား တာပေါ့ ” ဟုဆိုသည်။
လောင်းလုံးမြို့သည် စစ်ကောင်စီစစ်ကြောင်း မကြာခဏဝင်ရောက်နေသည့်မြို့ဖြစ်ပြီး ပြီးခဲ့သည့် ဒီဇင်ဘာလ အတွင်း တစ်ရွာလုံးစစ်ရှောင်နေကြရသည့် အတွက် စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရန်ခက်ခဲနေကြောင်း ဒေသခံများကဆိုသည်။
စစ်ကောင်စီတပ်များ၏ စစ်ကြောင်းထိုးမီးရှို့မှုကြောင့် လောင်းလုံးမြို့၌ ယခင်လများတွင် စစ်ဘေးရှောင်အရေအတွက် ထောင်ဂဏန်းမျှသာရှိခဲ့ရာက ယခုအချိန်မှာတော့ သောင်းဂဏန်းအထိမြင့်တက်လာခဲ့သည်ဟု လောင်းလုံး စစ်ဘေးရှောင်အရေးကူညီသူများ၏ ပြောပြချက်အရသိရသည်။
ဓာတ်ပုံ – CJ
ပုံစာ – စစ်ကောင်စီကမီးရှို့သဖြင့် ပျက်စီးခဲ့ရသည့် လေးသွန်းခံကျေးရွာရှိနေအိမ်များမြင်ကွင်း။