ပဲနွယ်ကုန်းမြို့အနီးတိုက်ပွဲများကြောင့် အရပ်သားများ ထိခိုက်သေဆုံးမှုရှိ
*****************************************
သံလွင်ခက်
ဒီဇင်ဘာ ၂၇ ၊ ၂၀၂၃။
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့အနီးဖြစ်ပွားနေသော ပြင်းထန်နေသည့်တိုက်ပွဲများကြောင့် အရပ်သားထိခိုက်သေဆုံးမှုများရှိသည်ဟု ဒေသခံများထံက သိရသည်။
ပဲနွယ်ကုန်းမြို့ကထွက်ခွာလာသည့် စစ်ကောင်စီ စစ် ကြောင်းနှင့် ကာကွယ်ရေးပူးပေါင်းတပ်များကြား ယနေ့ ဒီဇင်ဘာ ၂၇ ရက်၊ နံနက် ၆နာရီကစတင်၍ ပဲနွယ်ကုန်းမြို့အထွက်ရှိ သဲကောကျေးရွာအနီးတွင် တိုက်ပွဲပြင်းထန်နေခြင်းဖြစ်သည်။
ပဲနွယ်ကုန်းမြို့၊ ရွှေဝါကျေးရွာတွင် အခြေစိုက်ထားသည့် စစ်ကောင်စီ ခမရ ၃၀၇ တပ်ရင်းကလည်း အဆိုပါတိုက် ပွဲဖြစ်ပွားနေသည့်နေရာများကို လက်နက်ကြီးဖြင့် ပစ် ခတ်နေသည့်အပြင် လေကြောင်းဖြင့်လည်း လာရောက်ပစ်ခတ်မှုများလုပ်ဆောင်လျက်ရှိသည်ဟု ဒေသခံသတင်းရင်းမြစ် ၁ ဦးက သံလွင်ခက်သတင်းဌာနကို ပြောသည်။
၎င်းက ” ၃၀၇ တပ်ရင်းကနေလည်း လက်နက်ကြီးနဲ့တောက်လျှောက်ပစ်နေတာတွေရှိတယ်။ ပြီးတော့ နေ့ လယ် ၁၂ နာရီလောက်မှာ လေယာဉ် ၂ စီးနဲ့ တစ်ကြိမ်လာပစ်တယ်။ ပြီးတော့ ညနေ ၃ နာရီမှာ နောက်ထပ် တစ်ကြိမ်ထပ်ပြီးလာပစ်တယ် ” ဟုဆိုသည်။
စစ်ကောင်စီ ခမရ ၃၀၇ တပ်ရင်းက ပစ်ခတ်လိုက်သည့် လက်နက်ကြီးသည် သဲကောကျေးရွာ ဘုန်းကြီးကျောင်းပေါ်ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် ကျောင်းထိုင် ဆရာတော်နှင့် အသက် ၄၄ နှစ်အရွယ် အမျိုးသား ၁ ဦး သေဆုံးခဲ့သည်ဟု ဒေသခံများထံကသိရသည်။
ထိခိုက်ပျက်စီးမှု အခြေအနေများနှင့်ပတ်သက်၍ သံလွင်ခက်သတင်းဌာနက ဆက်လက်စုံစမ်းအတည်ပြုနေဆဲ
ဖြစ်သည်။
ထို့ပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပဲနွယ်ကုန်းမြို့ တွင်း၌ စစ်ဆေးမှုများ တင်းကြပ်စွာလုပ်ဆောင်လျက်ရှိသည်ဟု ဒေသခံ ၁ ဦးက သံလွင်ခက်သတင်းဌာနကိုပြောသည်။
၎င်းက ” သူတို့က အဲ့တိုက်ပွဲဖြစ်ပွားနေတဲ့နေရာဘက်ကိုသွားတဲ့ လမ်းဆုံလို့ပြောလို့ရတဲ့ ကျောက်ကြီးလမ်းထိပ်မှာ စစ်ဆေးတာတွေလုပ်နေတာ။ ဖုန်းတွေ ဆိုင်ကယ်တွေကအစ အကုန်စစ်နေတာ ” ဟုဆိုသည်။
ပဲနွယ်ကုန်းမြို့သည် KNU တပ်မဟာ ၃ နှင့်နယ်မြေနီးကပ်မှုရှိပြီး ယခုရက်ပိုင်းအတွင်း အဆိုပါ တပ်မဟာနယ်မြေအတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို ကရင်အမျိုး သားလွတ်မြောက်ရေး တပ်မတော် (KNLA)တပ်ဖွဲ့ဝင်များနှင့် ကာကွယ်ရေးပူးပေါင်းတပ်များကဝင်ရောက်သိမ်း ပိုက်မှုများလုပ်ဆောင်လျက်ရှိသည်။
KNU တပ်မဟာ ၃ မုန်းမြို့နယ်အတွင်းရှိ လည်ပတ်တပ်စခန်း၊ အုန်းနဲပင်တပ်စခန်း နှင့် နရွဲပင်တပ်စခန်းများကို ဒီဇင်ဘာလ ၂၆ ရက်တွင် ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် (K.N.L.A) လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့သည်ဟု KNU က ယနေ့တွင်ထုတ်ပြန်ထားသည်။
စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၀ ဦးသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတချိူ့သိမ်းဆည်းရမိခဲ့ပြီးကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) လက်အောက်ခံတပ်ရင်းတပ်ဖွဲ့များနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်ကလည်း ထိခိုက်ကျဆုံးမှုအချို့ရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အဆိုပါစခန်းများအား တိုက်ခိုက်သိမ်းပိုက်ပြီးနောက် နတ်သံကွင်းရှိ စစ်ကောင်စီတပ်စခန်းများကို ဆက်လက်ထိုးစစ်ဆင်လျက်ရှိပြီး တိုက်ပွဲများဖြစ်ပွားနေစဉ်အတွင်း စစ်ကောင်စီတပ်က လေကြောင်းဖြင့် စစ်ကူပေးလျက်ရှိသည်ဟု KNU ကထုတ်ပြန်ထားသည်။
ပုံစာ – တိုက်ပွဲဖြစ်ပွားနေသည့် ပဲနွယ်ကုန်းမြို့အနီးကို စစ်ကောင်စီက လေကြောင်းဖြင့် လာရောက်တိုက်ခိုက်စဉ်။